Home
ဆောင်းပါး
ချစ်ပြုံးမျက်ရည်
DVB
·
January 26, 2022

( ၁ )

ဆရာ “တင်မိုး”နှင့် ကျနော် စတင်သိကျွမ်းရသည်မှာ အချိန်တော်တော်နှောင်းမှ ဖြစ်သည်။ ၂၀၀၃ ခုနှစ် ကဗျာဆရာကြီးတင်မိုးနှင့် ကျနော် နှစ်ယောက်စလုံး ပြည်ပြေးဘဝ ရောက်ရှိ‌နေစဥ်ကြမှ လူချင်း တွေ့သိရခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖြစ်သည်။

ကျနော့်ထံသို့ ကဗျာဆရာ မောင်လွမ်းဏီက ဆရာကြီးတင်မိုးကို ခေါ်လာပေးခြင်း ဖြစ်သည်။ ထိုစဥ်က ကျနော်သည် NHEC ဗဟိုစာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်နေသည်။

ရောက်ရောက်ချင်း ဆရာက “ကိုငြိမ်းဝေရေ ခင်ဗျားရဲ့ ဥရောပမဲဇာကဗျာ ဖတ်ရပြီးကတည်းက နော်ဝေကို ရောက်ဖူးချင်နေတာဗျ” ဟု ပြောသည့်အခါ ကျနော့်မှာ ကြည်နူးရွှင်ပျခဲ့ရ၏။ 

ကျနော်ကလည်း ဆရာ့ရဲ့ ကဗျာတွေထဲမှာ “နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း” ကဗျာရှည်ကို အကြိုက်ဆုံးပါဟု ပြန်လည်ပြောပြခဲ့သည်ကို တခုတ်တရ မှတ်မိနေသည်။ ထို့နောက် ဆရာ ကွယ်လွန်ချိန်အထိ နောက်ထပ် လူချင်းမတွေ့မဆုံဖြစ်တော့ချေ။ လူချင်း အတွေ့အဆုံနည်းပေသည့် ဆရာနှင့်ပတ်သက်ပြီး ကျနော့်မှာ မျက်ရည်ကျလောက်အောင် စိတ်ထိခိုက်လှုပ်ရှားရသည့် အဖြစ်အပျက်တစ်ခုတော့ ရှိခဲ့၏။ ထိုအဖြစ်အပျက်သည် ဆရာ ကွယ်လွန်ပြီး ယခုလို ဆယ်ငါးနှစ်ပြည့်သည့်ကာလအထိ စိတ်ထဲ တအုံ့နွေးနွေး မှတ်မိနေဆဲပင် ဖြစ်သည်။

( ၂ )

တချိန်က ရှုထောင့်ဂျာနယ် တာဝန်ခံစာတည်းဖြစ်သူ (ဦး)ဝင်းခက်(ကွယ်လွန်)က စာမူဖိုင်ကြီး တထပ်ကို ကျနော်ရှေ့စားပွဲတွင်ချကာ “ကိုငြိမ်းဝေရေ ကဗျာဆရာ တင်မိုးရဲ့ ကဗျာတွေပဲ။ အဲဒါ မောင်ရင်ကိုယ်တိုင် စာအုပ်ဖြစ်အောင် စီစဥ်ထုတ်ဝေပေးပေတော့” ဟု ပြောလာစဥ်က ကျနော့်မှာ အံ့အားသင့်ကာ ရုတ်တရက် မည်သည့်စကားမျှ ပြန်မပြောနိုင် ဖြစ်နေသေး၏။ ထို့နောက် ကဗျာဆရာကြီးတင်မိုး၏ ကဗျာစာမူဖိုင်တထပ်ကြီးကို မကာ အိမ်သို့ ဝမ်းသာအားရ ပြန်လာခဲ့၏။ ထိုစဥ်က မျှော်လင့်ထားခြင်းမရှိသည့်တိုင် ထိုအခွင့်အရေးကို ကျနော့်မှာ ရက်ပေါင်းများစွာ ဝမ်းသာအားရ လူအတော်များများကို လိုက်လံပြောမိနေခဲ့သေး၏။

ထို့နောက် ဆရာ့ကဗျာစာမူတထပ်ကြီးကို အစမှအဆုံး အဆုံးမှအစ အချိန်ရလျင်ရသလောက် နေ့စဥ် ဖတ်တော့၏။ ဆရာ့စာမူဖိုင်မှာ လက်နှိပ်စက်ဖြင့် ရိုက်ထားသောစာမူ၊ လက်ရေးစာမူနှင့် ကွန်ပျူတာဖြင့်ရိုက်ထားသည့်စာမူ ဆိုပြီး စာမူပုံစံ သုံးမျိုး ရှိနေ၏။ ပုဒ်ရေ ၄၀၀ နီးပါးရှိနေသည်။

ကျနော်က ဆရာကြီးတင်မိုး၏ ကဗျာများကို စီစဥ်သူအဖြစ် ထုတ်ဝေမည် ဖြစ်သည်။ ထုတ်ဝေသူက ဦးဝင်းခက် ဖြစ်သည်။ 

မျက်နှာဖုံးပုံကို ထိုစဥ်က မဲဆောက်တွင်ရှိနေသည့် ပန်းချီဆရာ မင်းကျော်ခိုင်ကို အပ်ရသည်။ ထုံးစံအတိုင်း မျက်နှာဖုံး ပုံရဖို့က မင်းကျော်ခိုင်ထံ အကြိမ်ကြိမ်သွားရသည်။ တွန်းရသည်။ စာစီ စာရိုက်သူ အရှည်ကြီးနှင့် ကိုသန်းနိုင်က NLN L.A လူငယ်က ဖြစ်သည်။ သူတို့ရိုက်ထားသည့် စာမူများနှင့် မူရင်းစာမူများကို အကြိမ်ကြိမ်အထပ်ထပ် တိုက်ဆိုင်ကိုက်ညှိရသည်။ အတွင်းအပြင် ကွန်ပျူတာဒီဇိုင်း အပြင်အဆင်ကို ကိုသက်စိုးလွင်က ပြင်ဆင်သည်။ 

စာအုပ်ထွက်နိုင်ဖို့ ပြင်နေစဥ်ကာလအတွင်း ဦးဝင်းခက် တဖွဖွ ပြောနေသည့်စကားက “သေသေချာချာ ကြိုးစားပြီး အမှားမရှိနိုင်အောင်သာ သတိထားပြီးလုပ်၊ ငါ ဒါကို သင့်တော်တဲ့သူ တယောက်ယောက်နဲ့ အင်္ဂလိပ်လို ဘာသာပြန်ပြီးထုတ်ဦးမှာ၊ စာပေနိုဘယ်ဆု ရကိုရနိုင်တဲ့ ကဗျာစာအုပ်ကွ” ဟူ၍ ဖြစ်သည်။ ထိုအခါ ကျနော့်မှာ စိတ်ဓာတ်တက်ကြွကာ အလုပ်ကို အားကြိုးမာန်တက် ကြိုးစားနေမိ၏။

စာအုပ်ပြင်ဆင်နေစဥ်ကာလအတွင်း  ပုံနှိပ်တိုက်ကို သွားရ၏။ ပုံနှိပ်ခကိစ္စနှင့် မိမိဖြစ်စေချင်သလို တထပ်တည်းကျ စာအုပ်ဖြစ်လာစေရေး စာရွက်အမျိုးအစားကအစ လေ့လာရွေးချယ် ညှိနှိုင်းရ၏။ အမှာစာကို ဦးဝင်းခက်က အင်္ဂလိပ်လို သူကိုယ်တိုင် ရေးပေး၏။ ကျနော့်ကိုလည်း စီစဥ်သူအနေဖြင့် အမှာစာဝင်ရေးဖို့ ပြော၏။ ကျနော်က ငြင်းရသည်။ ဆရာကြီးတင်မိုးလို နိုင်ငံကျော် အမျိုးသားစာဆိုကြီး၏ ကဗျာစာအုပ်တွင် ကျနော်လို သာမန်လူတယောက်အနေနှင့် အမှာစာ ဝင်ရေးရန် မသင့်တော်ဟု ရှင်းလင်းစွာ မြင်သဖြင့် ဝင်မရေးခဲ့ပါ။

ဦးဝင်းခက်က ကဗျာစာအုပ်ထုတ်ဝေဖို့ လိုအပ်သည့်ငွေကို လိုက်လံအလှူခံကာ ဘတ်ငွေ ၁ သိန်း ၁ သောင်း ထုတ်ပေး၏။ ပုံနှိပ်ခ ၉ သောင်း၊ မျက်နှာဖုံး ပန်းချီခ ၅ ထောင်၊ အထွေထွေစရိတ် ၁ သောင်းခွဲနှင့် စာအုပ်ထွက်နိုင်ရန် ကြိုးပမ်းခဲ့၏။

ဤကဗျာအုပ်၏ ထူးခြားသည့်အချက်မှာ ဆရာကြီးတင်မိုး ၁၉၉၉ ခုနှစ် တစ်နှစ်အတွင်း ရေးသားထားသည့် ကဗျာများကိုသာ စုပေါင်းထုတ်ဝေခြင်း ဖြစ်သည်။ နောက်ထပ် ထူးခြားသည့် အချက် ရှိပါသေးသည်။ သည်စာအုပ်တွင် ပါရှိသော ကဗျာများမှာ ဆရာကြီးတင်မိုး ပြည်ပသို့ မထွက်မီ ပြည်တွင်းမှာရှိစဥ် ရေးဖွဲ့သည့် ကဗျာများနှင့် ဆရာကြီးတင်မိုး ပြည်ပသို့ ထွက်ခွာပြီးနောက် ရေးဖွဲ့သည့်ကဗျာများကို ပေါင်းစပ်ထုတ်ဝေသည့် ကဗျာစာအုပ် ဖြစ်၏။

ဆရာကြီးတင်မိုးသည် ၁၉၉၉ ခုနှစ် နှောင်းပိုင်းတွင် ပြည်ပသို့ ထွက်ခွာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သည်စာအုပ်တွင် ဆရာကြီးတင်မိုး စစ်အာဏာရှင်လက်အောက် ရှိနေစဥ်နှင့် ပြည်ပသို့ ထွက်ခွာလာပြီးနောက် ရေးသည့် ဘဝနှစ်ပိုင်း ကိုယ်စားပြုကဗျာများ ဖြစ်နေသည်မှာလည်း ထူးခြားသည့်အချက် ဖြစ်နေပြန်သည်။ ဆရာကြီးတင်မိုးသည် ၁၉၉၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ပြည်ပသို့ ထွက်ခွာလာခဲ့၏။ ဤစာအုပ်တွင်ပါရှိသည့်ကဗျာများမှာ ဆရာကြီးတင်မိုး ရက်စွဲတပ် ရေးစပ်ခဲ့သည့် ကဗျာများအရ ၁၉၉၉ ခု ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ရေးစပ်ခဲ့သည့် တစ်နှစ်အတွင်း ကဗျာများသာ ဖြစ်သည်။ ထို့ကြောင့် စာအုပ်၏အမည်ကိုလည်း “တင်မိုး ကဗျာပေါင်းချုပ် (၁၉၉၉)”ဟု ပေးခဲ့ခြင်း ဖြစ်သည်။

( ၃ )

တင်မိုး ကဗျာပေါင်းချုပ်(၁၉၉၉) အုပ်ရေ ၁၀၀၀ ကို ကျနော့်အိမ်တွင် ထားရှိကာ ဦးဝင်းခက်ထံ ပထမ သွား၏။ စာအုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ဝမ်းသာအားရ သတင်းပို့၏။ ဦးဝင်းခက်နှင့် ညှိနှိုင်းကာ မဲဆောက်မြို့ မြန်မာစာအုပ်ဆိုင် ကြောင်နှစ်ကောင်စာပေတွင် အုပ်ရေ ၅၀ ပို့ထားလိုက်၏။ စာအုပ်ထွက်ရှိရှိချင်း အမေရိကသို့ လူကြုံရှိသဖြင့် ကဗျာဆရာ မောင်စိုးချိန်ဆီသို့ ကဗျာစာအုပ် ၂ အုပ် ပို့လိုက်၏။ ငါးရက်ခန့်ရှိသောအခါ ကဗျာဆရာ မောင်စိုးချိန်ထံမှ ထိတ်လန့်အံ့သြဖွယ် အီးမေးလ်တစောင် ရောက်လာလေတော့သည်။ တင်မိုး ကဗျာပေါင်းချုပ် (၁၉၉၉) စာအုပ်ထဲတွင် သူ့ကဗျာ ၆ ပုဒ် ပါရှိနေကြောင်း အကြောင်းကြားလာလေတော့သည်။ 

နောက်နေ့များတွင် ဤစာအုပ်တွင် သူ့ကဗျာ စုစုပေါင်း ၁၃ ပုဒ် ပါရှိနေကြောင်း စာမျက်နှာနှင့်တကွ မောင်စိုးချိန်ထံမှ အီးမေးလ်များ ထပ်မံရောက်ရှိလာ၏။ ထို့ပြင် ဆရာကြီးတင်မိုး၏သမီး ဘယ်လ်ဂျီယံနိုင်ငံတွင် နေထိုင်သူ ဆရာမမိုးချိုသင်းထံမှလည်း ဆရာကြီးတင်မိုး ကဗျာပေါင်းချုပ် စာအုပ်တွင် ကဗျာဆရာမောင်စိုးချိန်၏ ကဗျာများ ပါရှိနေသည့်ကိစ္စ ကြားသိရ၍ စိတ်မကောင်းဖြစ်ရကြောင်း အီးမေးလ်ဖြင့် အကြောင်းကြားလာပြန်တော့သည်။ ထိုအခါ ဦးဝင်းခက်နှင့် ကျနော် ခေါင်းမီးတောက်ရလေတော့သည်။

ပထမ ကြောင်နှစ်ကောင်စာအုပ်ဆိုင် ပို့ထားသော ကဗျာစာအုပ်အားလုံး ကမန်းကတန်း ပြန်သိမ်းရ၏။ တခြား မည်သည့်နေရာ မည်သူ့ထံသို့မျှ မဝေငှရသေးသည့်အတွက် စိတ်တော့ အနည်းငယ် အေးကြရ၏။ ထို့နောက် ဦးဝင်းခက်နှင့်ကျနော် ခေါင်းချင်းဆိုင်ကာ ဘာကြောင့် ဤစာအုပ်တွင် မောင်စိုးချိန်၏ ကဗျာများ ပါရှိနေသည်ကို အဖြေရှာကြရ၏။ 

အဖြေကတော့ တရက် နှစ်ရက်အတွင်း ကျနော်တို့ ရှာလို့ရလာကြပါသည်။ ဦးဝင်းခက် ရရှိလာသည့် စာမူအထပ်ကြီးမှာ လွန်ခဲ့သောနှစ်က ဆရာတင်မိုးနှင့် မောင်စိုးချိန်တို့ နှစ်ဦးပေါင်းထုတ်ရန် စီစဥ်ထားသော စာမူတထပ်ကြီး ဖြစ်သည်ကို သိလာရ၏။ 

ဆရာမောင်စိုးချိန်ကို ကျနော်တို့အနေဖြင့် ပုဂ္ဂိုလ်အရ ဘာမျှပြောစရာမရှိပါ။ သို့သော် ကျနော်တို့၏ အဓိကဦးတည်ချက်က ဆရာတင်မိုး တစ်ဦးတည်း၏ ကဗျာပေါင်းချုပ်အနေဖြင့်သာ ရည်ရွယ်ထုတ်ဝေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤစာအုပ်တွင် မောင်းစိုးချိန်ရယ် မဟုတ် မည်သူ့ကဗျာမျှ ပါဝင်ရန်မဖြစ်၊ မသင့်တော်ဟု ကျနော်တို့ ယူဆမိသည်။ သို့သော် ယခုအခါ အစအဆုံး ခြေလွန်လက်လွန်ဖြစ်ကုန်ပြီ။ ကျနော်တို့ ဘာဆက်လုပ်ကြရမည်နည်း။ 

ပထမ မောင်စိုးချိန်ကိုယ်တိုင်က အတည်ပြု အကြောင်းကြားလာသည့် သူ့ကဗျာ စာမျက်နှာများကို စက္ကူအဖြူများ လိုက်ကပ်ကြရလျင် ကောင်းမလားဟု စဥ်းစားကြရ၏။ သို့သော် မာတိကာကအစ လိုက်ပြင် လိုက်ဖျက်ကြရမည် ဖြစ်သည်။ အရမ်း ရုပ်ပျက်တော့မည်။ အစအဆုံး အသစ်ပြင်ဆင်ကာ အသစ်တဖန် ထပ်မံပုံနှိပ်ထုတ်ဝေရန်ကလည်း ပိုက်ဆံက တပြားမှမရှိတော့။ ကျနော်တို့ ဘာဆက်လုပ်ရပါမည်နည်း။ 

နောက်နှစ်ရက်အကျော်တွင် ဦးဝင်းခက်ထံ ကျနော် ရောက်သွားခဲ့၏။ (ထိုစဥ်က ဦးဝင်းခက်မှာ NLD L.A ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသောအချိန် ဖြစ်သည်။) ဦးဝင်းခက်ထံ ကျနော်၏ တခုတည်းသော အဖိုးတန်ပစ္စည်းဖြစ်သည့် မော်တော်ဆိုင်ကယ် ရောင်းရငွေ ဘတ်သုံးသောင်းကို အပ်လိုက်၏။ ကျနော်သည် ပုံနှိပ်တိုက်တွင် ပုံနှိပ်ခ ဘတ်ကိုးသောင်း မယူဘဲ ရှစ်သောင်းပဲ ယူရန် ညှိပြီးဖြစ်ကြောင်း ပြောပြကာ ဥက္ကဋ္ဌကြီးအနေဖြင့် နောက်ထပ် ဘတ် ငါးသောင်း မဖြစ်မနေ ရှာကြံစိုက်ထုတ်ကာ တင်မိုးကဗျာပေါင်းချုပ်(၁၉၉၉)ကို အသစ်တဖန် ထပ်မံရိုက်နှိပ်ကြဖို့ ထိုးအပ်လိုက်ရ၏။ ဦးဝင်းခက်ကလည်း ချက်ချင်းဆိုသလို ဘတ်ငွေ ငါးသောင်းရရန် ဟိုဖုန်းဆက် သည်ဖုန်းဆက်ဖြင့် ဘတ်ငါးသောင်း ရသွား၏။ သည်လိုနှင့်ပင် ဆရာကြီးတင်မိုး၏ ယင်းကဗျာပေါင်းချုပ်စာအုပ်ကို ၈၊ ၈၊ ၂၀၀၄ နေ့စွဲဖြင့် အောင်မြင်စွာ ထပ်မံပုံနှိပ်နိုင်ခဲ့ကြလေသည်။

ထပ်မံပုံနှိပ်ခဲ့ရသည့် “တင်မိုး ကဗျာပေါင်းချုပ်(၁၉၉၉)” စာအုပ် ၁၀၀၀ ကျနော့်အိမ်သို့ရောက်ရှိစဥ် စာအုပ်များကို ကားပေါ်မှ သယ်မချနေစဥ် ကျနော်သည် အကျေနပ်ကြီးကျေနပ်ကာ “ချစ်ပြုံးမျက်ရည်”များ ကျခဲ့မိသည်ကိုတော့ ဝန်ခံရမည် ဖြစ်ပါသည်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

(ဆရာတင်မိုး ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024