ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာအနီးမှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ဒေသခံရွာသား ၃ ယောက် မြေမြှုပ်မိုင်း နင်းမိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေထံက သိရပါတယ်။
အမည်မသိ လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိခဲ့တဲ့အတွက် ဒေသခံ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံ တာ့ခရိုင် ဖို့ဖတ်မြို့နယ် အစိုးရဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက “ဒေသခံတွေ မိုင်းထိလို့ ထိုင်းဘက်ကို အကူအညီ တောင်းလာတယ်လို့ ပြောတယ်။ လူနာ ၃ ဦးကို ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက် ခေါ်ဆောင်ပြီး ဖုတ်ဖလဆေးရုံကို ပို့ပေးလိုက်တယ်လို့သိရတယ်"လို့ ဆိုပါတယ်။
ဒီဇင်ဘာလက စတင်ပြီး မြ၀တီမြို့နယ်မှာ စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီက လေကြောင်းကနေပါ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံဘက်ခြမ်းကို ဒေသခံ သောင်းနဲ့ချီ စစ်ဘေးရှောင် ခိုလှုံခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူတာတွေအပြင်၊ မြေမြှုပ်မိုင်းထောင်တာတွေပါ ရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
Photo Credit- Andrew KC