အသံတိတ်သပိတ်နှိုးဆော်ပါက အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်

ပြီးခဲ့တဲ့နှစ်မတ်လ အသံတိတ်သပိတ်ပြုလုပ်စဉ်က လှည်းတန်းအနီးတဝိုက်မြင်ကွင်း

အာဏာသိမ်း တနှစ်ပြည့်တဲ့ရက်မှာ ပြုလုပ်ဖို့ နှိုးဆော်ထားတဲ့ အသံတိတ်သပိတ်အကြောင်းနှိုးဆော်ရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

လာမဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်တော်ဝင်ဖို့ ရုန်းကြစို့ ဆိုတဲ့ ကြွေးကြော်သံနဲ့ တနေကုန် အသံတိတ်သပိတ်လုပ်ကြဖို့၊ ညနေမှာ လက်ခုပ်တီးကြဖို့အတွက် တိုက်တွန်းနှိုးဆော်နေကြတာပါ။

မကြာသေးခင် ဒီဇင်ဘာလထဲမှာ တနိုင်ငံလုံးနီးပါး ပြုလုပ်အောင်မြင်ခဲ့တဲ့ အသံတိတ်သပိတ်ကို ကြောက်ရွံ့တဲ့ စစ်ကောင်စီကတော့ ဥပဒေ ပုဒ်မတွေနဲ့ ခြိမ်းခြောက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အသံတိတ်သပိတ်တုန်းက ဈေးဆိုင်တွေ ပိတ်ကြတာကို စစ်ကောင်စီတပ်သားနဲ့ သူတို့လက်အောက်ခံအဖွဲ့တွေက ခြိမ်းခြောက်ဖွင့်ခိုင်းတာ၊ ဆိုင်ခန်းသိမ်းမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ လုပ်ခဲ့ကြတာပါ။

အသံတိတ်သပိတ် (silence Strike) ကို CRPH၊ NUG နဲ့ သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကနေ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေဖို့နဲ့ ပြည်သူတွေ ကြောက်ရွံ့အောင်လုပ်နေတာလို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါတွေလိုက်လုပ်ရင်၊ နှိုးဆော်ကူညီရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နဲ့ တခြား တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး၌ပဒေအရ သိမ်းဆည်းနိုင်တယ်လို့လည်း ဆိုပါတယ်။

အသံတိတ်သပိတ်ဆိုတာကတော့ တနေကုန် အရေးကြီးအကြောင်းမရှိရင် အပြင်မထွက်ဘဲ နေကြတာဖြစ်ပြီး ညနေ ၄ နာရီအချိန်မှာတော့ တော်လှန်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်တီးကြမှာ ဖြစ်ပါတယ်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တဲ့ ဒီလို အသံတိတ်သပိတ်ကို ပြီးခဲ့တဲ့နှစ် မတ် ၂၄ ရက်နဲ့ ဒီဇင်ဘာ ၁၀ ရက်တို့မှာ တနိုင်ငံလုံးနီးပါးပါဝင် ပြုလုပ်အောင်မြင်ခဲ့ပါတယ်။

//
More News
Up