တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက်ပြီး ဒေသတွင်းမှာ ပြည်သူတွေအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ပေးနေတဲ့ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းက လူငယ် ၇ ယောက်ကို ဇန်နဝါရီ ၂၅ ရက် ညပိုင်းမှာ စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးသွားပါတယ်။
ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းမှာရှိတဲ့ အငှားအိမ်ခန်းတွဲတစ်ခုမှာ အခုလို ဝင်ရောက်ဖမ်းဆီးသွားတာလို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဦးဆောင်သူ ကိုသန့်ဇင်ထူးနဲ့ အမျိုးသမီး တချို့လည်းပါဝင်ပြီး ဆေးခန်းအတွက် အသုံးပြုနေတဲ့ အရေးပေါ်လူနာတင်ယာဥ်တစ်စီးအပြင် ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေနဲ့ပတ်သက်ပြီး အခုအချိန်ထိ အဆက်သွယ်မရရှိသေးသလို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုလည်း မသိရှိရဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။
ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို ထားဝယ် ဒေသခံလူငယ်တချို့ ဦးဆောင်တည်ထောင်ထားပြီး ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းမှုကာလအတွင်းမှာပါ ကျေးလက်ဒေသတွေအထိ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာလို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။