ဂျာမန်ရေတပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ နုတ်ထွက်သွားသည့်အပေါ် ယူကရိန်း ကြိုဆို

ဂျာမနီ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးကနေ နုတ်ထွက်သွားတာကို ကြိုဆိုပေမဲ့ ဂျာမန် နိုင်ငံရေးကို ယုံကြည်အောင် ပြန်လုပ်ဖို့ ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးက ဇန်နဝါရီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က လေးစားမှုနဲ့ ထိုက်တန်တယ်၊ သိမ်းပိုက်ခံ ခရိုင်းမီးယားကို ရုရှားအစိုးရဆီကနေ ယူကရိန်းအစိုးရက ဘယ်တော့မှ ပြန်အနိုင်ရမှာ မဟုတ်ဘူးလို့ ပြောခဲ့လို့ အဝေဖန်ခံရအပြီးမှာ ဂျာမန် ရေတပ်ဒုဗိုလ်ချုပ်ကြီး ကေးအာခင် ရွှန်းဘက်ခ်ဟာ ဇန်နဝါရီ ၂၂ ရက်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုပြုချက်အရ တာဝန်ကနေ ချက်ချင်း နုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ ဂျာမန် ရေတပ်အကြီးအကဲက ကြေညာချက်ထဲမှာ ပြောပါတယ်။

အိန္ဒိယနိုင်ငံက တတ်သိပညာရှင်များ အစည်းအဝေးအတွင်း ရွှန်းဘက်ခ်က ဒီလို မှတ်ချက်ပေး အပြီး ၂ ရက်အကြာမှာ ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးက ဂျာမနီဟာ မောက်မာပြီး အထက်စီးဆန်တယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။

ရွှန်းဘက်ခ် ရာထူးကနေ မနုတ်ထွက်ခင်မှာ သူ့မှတ်ချက်ကို ဂျာမန် ကာကွယ်ရေးဝန်ကြီးက လူသိရှင်ကြား ဝေဖန်ခဲ့ပြီး သူ့စကားတွေဟာ ရည်ရွယ်ချက်အရရော စကားလုံး အသုံးအနှုန်းအရပါ ဂျာမန်ရဲ့ ရပ်တည်ကို ထင်ဟပ်မထားဘူးလို့ ပြောခဲ့ပါတယ်။

ရွှန်းဘက်ခ်ကလည်း ရာထူးက မဆင်းခင်မှာ သူ့မှတ်ချက်အတွက် တောင်းပန်ခဲ့ပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကလည်း ရွှန်းဘက်ခ်ရဲ့ မှတ်ချက်တွေကို လူသိရှင်ကြား ပယ်ချဖို့ ဂျာမနီ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းနယ်စပ်တွေမှာ ရုရှားက စစ်သည်အင်အား သိန်းချီ တပ်ချထားလို့ အထိအရှလွယ်တဲ့ အချိန်မှာ ခုလို မှတ်ချက်ပေးခဲ့တာပါ။

တင်းမာမှု ဟန့်တားရေး သံတမန်တွေက အာရုံစိုက် ကြိုးစား အားထုတ်နေကြပါတယ်။ ရုရှားကတော့ ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။

//
More News
Up