ပခုက္ကူထောင်တွင် ကျောင်းသားပြည်သူ ၄၁ ဦးကို တနှစ်ခန့်ဖမ်းဆီးထားပြီး အပြစ်မရှိသဖြင့် ပြန်လွှတ်

မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူတွေအထဲက အချုပ်သား ၄၁ ယောက် ဇန်နဝါရီ ၂၄ ရက် ပြန်လွတ်လာတယ်လို့    မိသားစုဝင်တွေထံက သိရပါတယ်။

လွတ်မြောက်လာသူ အများစုက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ  ၂၈ ရက်က ထင်းတန်းလမ်း သပိတ်စစ်ကြောင်းဖြိုခွဲအပြီးမှာ အဖမ်းခံခဲ့ရတဲ့သူတွေဖြစ်ပြီး သူတို့ကို ဒီနေ့ရုံးချိန်းမှာပဲ အပြစ်မရှိလို့ တပြိုက်နက်လွှတ်ပေးလိုက်တာလို့ လွတ်မြောက်လာသူတယောက်က ပြောပါတယ်။ 

လွတ်မြောက်လာသူတစ်ဦးရဲ့ မိသားစု၀င်က “ သူတို့အားလုံးက ၄၇ ယောက်ရှိတယ်။ အဲဒီထဲက သူတို့ အမှုရင်ဆိုင်နေဆဲမှာပဲ ၆ ယောက်က လွှတ်ပေးလိုက်တာကြာပြီ။ ကျန်တဲ့ ၄၁ ယောက်က ထောင်တွင်းတရားရုံးမှာ  တနှစ်လောက် အမှုရင်ဆိုင်နေရင်းနဲ့ အခုတော့ ထောင်တွင်းအထူးတရားရုံးက မြို့နယ်တရားသူကြီးက သူတို့ ၄၁ ယောက်က  ပြစ်မှုမထင်ရှားတဲ့အတွက်ဆိုပြီး  အခုလွှတ်ပေးလိုက်တာ”လို့ ပြောပါတယ်။ 

ဒီနေ့လွတ်မြောက်လာသူအများစုထဲမှာ ကျောင်းသားတွ၊ ပြည်သူတွေ အများစုပါပြီး အန်အယ်လ်ဒီ ပါတီဝင်တွေ ပါလာတာတော့ မတွေ့ရပါဘူး။

ဒီနေ့လွတ်တဲ့သူတွေထဲက တချို့ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးနေတယ်လို့ လူမှုကွန်ရက်မှာ သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီက စုံစမ်းရသလောက်ကတော့ အတည်မပြုနိုင်သေးပါဘူး။

ပခုက္ကူအကျဉ်းထောင်ထဲမှာ ရာဇသတ်ပကြီးပုဒ်မ ၅၀၅ ပုဒ်မ အပါအ၀င် နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ အယောက် ၂၀၀ လောက်ရှိတယ်လို့ ပြန်လွတ်လာသူတွေဆီက သိရပါတယ်။

//
More News
Up