စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကား ၂ စီးကို ဒေသခံ IPDF နဲ့ KIA ပူးပေါင်းအဖွဲ့က ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၁၁ ယောက်သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
မနေ့ညနေ ၆ နာရီခွဲလောက်က မော်လူးမြို့နဲ နန့်စီးအောင်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကားတစ်စီး ချောက်ထဲကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ KIAနဲ့ IPDF ဘက်က ရဲဘော်တယောက် အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အင်းတော်မြိုမှာ မနေ့ နေ့လယ်ပိုင်းကလည်း နဘားရွာကနေ ပင်ဝယ်ရွာဘက်ကို မီးရထားလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၃၀လောက်ကို KIA နဲ့ IPDF တို့ ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကားသမားတယောက် သေဆုံးသွားပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာတော့ နန့်စီးအောင်စုပေါင်းဂိတ်မှာ အမျိုးသား၂ ဦး တွဲစီးလာတဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေ ပူးပေါင်းစစ်ဆေးနေပါတယ်။