တာဝန်မှရပ်နားသည့်အမိန့် KNDO ခေါင်းဆောင်ဗိုလ်မှူးချုပ်စောနယ်ဒါးမြ လက်မခံ

စစ်ဦးစီးချုပ်တာဝန်ကနေ ရပ်နားခံရမှုကို လက်မခံကြောင်းနဲ့ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက  ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးတို့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ကြောင်း  ကေအန်ယူ ကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ကေအန်ယူ ဗဟိုကော်မီတီရဲ့ ၃၅ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ဗိုလ်မှူးချုပ်နယ်ဒါးမြကတော့ ဒီထုတ်ပြန်ချက်ကို လုံးဝလက်မခံကြောင်းနဲ့ ဒီထုတ်ပြန်ချက်ဟာ ကြီးမားတဲ့ မှားယွင်းမှုဖြစ်ကြောင်း ကရင်ဘာသာနဲ့ ရေးသားတဲ့ စာမှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်၊ ဝေါလေမြို့၊ ကနဲလေးကျေးရွာအနီးမှာ လူ ၂၅  ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူက စုံစမ်းစစ်ဆေးခဲ့ပြီးနောက်  အဓိကတာဝန်ရှိတဲ့ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ဗိုလ်ကြီးစောဘာဝါးတို့ကို ဇူလိုင် ၅ ရက်နေ့ ဗဟိုအစည်းအဝေးတွင်း တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ဒီနောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ဗိုလ်မှူးချုပ်နယ်ဒါးမြကို စစ်ဆေးဖို့ ခေါ်ယူခဲ့ပေမဲ့ လာရောက် မေးမြန်းခံခြင်းမရှိသလို လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သူ့မှာတာဝန်ရှိတဲ့အတွက် အခုလို  တာဝန်ကနေ ရပ်ဆိုင်းလိုက်တာလို့ ဗဟိုကော်မီတီဝင်က ပြောဆိုပါတယ်။

ဗိုလ်မှူးချုပ်နယ်ဒါးမြကတော့ မြဝတီမြို့နယ် ဝေါ်လေဒသက KNDO က သတ်ဖြတ်ခဲ့တဲ့လူ ၂၅ ဦးဟာ စစ်ကောင်စီရဲ့လူတွေဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဗဟိုဌာနချုပ် လေးဝါးကို ခေါ်ယူတဲ့ကိစ္စမှာ သူ့ရဲ့ လုံခြုံရေးအရ မသွားရတာဖြစ်ပြီး သူ့ကိုယ်စားစေလွှတ်ခဲ့ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင်  KNU ကာကွယ်ရေးဌာနမှ ပဒိုစောရောဂျာခင် စာမထုတ်ပြန်သေးခင်ကလည်း KNU ခေါင်းဆောင်ဖြစ်တဲ့  ပဒိုစောတာဒိုမူး၊ ပဒိုကွယ်ထူးဝင်းနဲ့  ပဒိုရောဂျာခင်ကို ကေအန်ယူ တပ်မဟာ ၅ မှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ တွေ့ဆုံခဲ့ပေမယ့် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်တာမရှိဘဲ အခုလို စာထုတ်ပြန်လာတဲ့အတွက် လက်မခံကြောင်းလည်း ဗိုလ်မှူးချုပ်နယ်ဒါးမြက ကရင်ဘာသာနဲ့ ပြောဆိုတဲ့ မီဒီယာမှာ ဖြေဆိုထားပါတယ်။

ကရင်ဘာသာနဲ့ ထုတ်ပြန်တဲ့စာမှာလည်း သူ့အနေနဲ့ ကရင်လူထုဘက်ရပ်တည်ပြီး ရန်သူ (စစ်ကောင်စီ) ကိုတိုက်ခိုက်တဲ့အတွက် NCA လမ်းကြောင်းလိုလားတဲ့ ခေါင်းဆောင်တွေက သူ့ကို မုန်းတီးတာဖြစ်တယ်လို့ စာမှာဖော်ပြထားပါတယ်။

KNDO ရဲ့ယာယီစစ်ဦးစီးချုပ်အသစ်ကိုတော့ KNDO ရဲ့ ဒု-စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောရှီးလေ့ကို ခန့်အပ်ထားကြောင်း ဗဟိုကော်မီတီရဲ့ ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။

ဗဟိုကော်မီတီက ခန့်အပ်လိုက်တဲ့ KNDO ဗိုလ်ချုပ်စောရှီးလေကို ဒီဗွီဘီက ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုသေးကြောင်းသား ပြန်လည် ဖြေကြားခဲ့ပါတယ်။ 

//
More News
Up