Home
မြန်မာသတင်း
Total နှင့် Chevron မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်
DVB
·
January 21, 2022

အာဏာသိမ်းစစ်တပ်ကို ဒေါ်လာသန်းနဲ့ချီဝင်ငွေရှာပေးနေတဲ့  မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ အဓိက စီးပွားဖက်တွေဖြစ်တဲ့ ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total Energies နဲ့  အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ဇန်နဝါရီ ၂၁ ရက် ဒီကနေ့ ကြေညာပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေဟာ Total Energies ကုမ္ပဏီကို မြန်မာပြည်မှာရှိတဲ့ သူ့ရဲ့လုပ်ငန်းတွေကို ပြန်သုံးသပ်ဖို့ တွန်းအားပေးနေပြီးတော့ တိုင်းပြည်အတွက် လုံလောက်တဲ့ အပြုသဘောဆောင် ပံ့ပိုးကူညီမှုတွေလုပ်ဖို့ ရေရှည်ခွင့်မပြုတော့ဘူးလို့ Total Energies ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရလဒ်အနေနဲ့ကတော့ Total Energies အတွက် ငွေကြေးလျော်ကြေး တစ်စုံတစ်ရာ မပါဝင်ဘဲ အော်ပရေတာအဖြစ်ကနေရော အစုရှယ်ယာရှင်အဖြစ်ကပါ မြန်မာနိုင်ငံရှိ ရတနာလုပ်ကွက်နဲ့ MGTC တို့ကနေ နုတ်ထွက်ရေး စာချုပ်ကို စတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်လို့ ဆိုပါတယ်။ Total Energies ရဲ့ နုတ်ထွက်မှုကနေ ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုကို ဖော်ပြမထားပေမဲ့ သူ့ဆီက ၀င်ငွေအစိတ်အပိုင်း အနည်းငယ်ဟာ နိုင်ငံအတွက် ကိုယ်စားပြုနေတာလို့ ဆိုပါတယ်။

ဒီကိစ္စအတွက် ငွေကြေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေဟာ လုံးဝအရေးမကြီးပါကြောင်းနဲ့ မြန်မာနိုင်ငံမှာ Total ရဲ့ လုပ်ငန်းလည်ပတ်မှုက ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၀၅ သန်း ရှိပြီး ကုမ္ပဏီဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းအောက်နဲ့ ညီမျှတဲ့ ပမာဏလောက်ပါပဲလို့ Total Energies  ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဒီကာလအတွင်း မြန်မာနိုင်ငံဟာ Total Energies ရဲ့ စုစုပေါင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုရဲ့ ၀ ဒသမ ၆   ရာခိုင်နှုန်းရှိပါတယ်။ Total Energies ဟာ မြန်မာနိုင်ငံကနေ နုတ်ထွက်ဖို့ မဆုံးဖြတ်မီမှာ ဓာတ်ငွေ့ထုတ်လုပ်မှုကို မပိတ်ပစ်ပဲ ငွေရေးကြေးရေး စီးဆင်းမှုအားလုံးကို ကန့်သတ်ထားမယ့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ ပြင်သစ်အာဏာပိုင်တွေကို ချဉ်းကပ်ခဲ့တယ်လို့ ပြောပါတယ်။

Total Energies ဟာ နုတ်ထွက်ကြောင်း မြန်မာနိုင်ငံရှိ လုပ်ဖော်ကိုင်ဖက်တွေကို အကြောင်းကြားခဲ့ပြီး စာချုပ်သက်တမ်း ၆ လ ကုန်ဆုံးချိန် နောက်ဆုံးကာလမှာ သက်ရောက်မှု ရှိလာလိမ့်မယ်လို့လည်း ပြောပါတယ်။

အလားတူ အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း  မြန်မာနိုင်ငံရဲ့အခြေအနေအရ  မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ကို အစီအစဉ်ကျကျနဲ့ စနစ်တကျ အကူးအပြောင်းလုပ်ပြီး သွားနိုင်ဖို့ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်သုံးသပ်ထားပါတယ်လို့ ဆိုပါတယ်။

“ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုနည်းတဲ့ အော်ပရေတာမဟုတ်သူတစ်ဦးအနေနဲ့ ကျနော်တို့ရဲ့ ချက်ချင်း ဦးစားပေးမှုကတော့ ဝန်ထမ်းတွေရဲ့ ဘေးကင်းရေးနဲ့ ကျန်းမာရေး၊ ဘေးကင်းတဲ့ လုပ်ငန်းဆောင်တာတွေအပြင် မြန်မာနဲ့ ထိုင်းပြည်သူတွေအတွက် အလွန်လိုအပ်နေတဲ့ စွမ်းအင်တွေ ထောက်ပံ့ပေးရေးပဲ ဖြစ်တယ်”လို့  ပြောကြားပါတယ်။ 

Total Energies ပြင်သစ် စွမ်းအင်ကုမ္ပဏီကြီးရဲ့ သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်တဲ့ ဖက်စပ်လုပ်ငန်းဟာ မြန်မာစစ်အုပ်စုအတွက် ထိပ်တန်းဝင်ငွေ အရင်းအမြစ်တွေထဲက တခုဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးကတည်းက ငွေပေးချေမှုတွေကို တားဆီးထားဖို့ လူ့အခွင့်အရေး အဖွဲ့တွေက ဖိအားပေးနေတာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၈ ရက် နေ့စွဲပါ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ထံ ပေးပို့တဲ့စာထဲမှာ  Total Energies အမှုဆောင်အရာရှိချုပ် Patrick Pouyanne က ပြင်သစ်နဲ့အမေရိကန် အာဏာပိုင်တွေဟာ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့  ဆိုပါတယ်။ 

Total Energies ဟာ ဥရောပ သို့မဟုတ် အမေရိကန် အာဏာပိုင်တွေရဲ့ ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်ကို လိုက်နာရုံသာမက အဲဒီလို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့လည်း ပံ့ပိုးပေးမှာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့မှ ထုတ်ပြန်တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ရတနာ ကမ်းလွန်လုပ်ကွက်ကနေ စွမ်းအင်ဝန်ကြီးဌာန-MOGE ရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ငွေကြေးစီးဆင်းမှုကို ရပ်တန့်ဖို့ တောင်းဆိုကြပြီးနောက်မှာ ပြင်သစ်အစိုးရက ဒဏ်ခတ်အရေးယူမှုတွေကို လုပ်ဆောင်ဖို့အတွက် ဥပဒေဘောင်တစ်ခု ချမှတ်ဖို့ ကုမ္ပဏီက တရားဝင် တောင်းဆိုထားတယ်လို့ စာထဲမှာ ဆိုပါတယ်။

မနှစ်တုန်းက Total Energies နဲ့ အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ မြန်မာစစ်အုပ်စုကို ရောက်ရှိမယ့်သူတို့ရဲ့ဓာတ်ငွေ့ဖက်စပ်လုပ်ငန်းမှ ပေးချေမှုတချို့ကို ဆိုင်းငံ့ထားခဲ့ပါတယ်။ သူတို့ဟာ ဥပဒေဘောင်အတွင်းကနေပြီး ဓာတ်အားဖြန့်ဖြူးပေးဖို့လည်း အာမခံထားရင်း စစ်အုပ်စုဆီရောက်မယ့် ၀င်ငွေတွေကို ကန့်သတ်ဖို့ တတ်နိုင်သမျှ အချိန်ဆွဲထားပါတယ်လို့ ပြင်သစ်ကုမ္ပဏီက နောက်ပိုင်းမှာ ပြောပါတယ်။

ပြင်သစ်ကုမ္ပဏီဟာ ဖက်စပ်လုပ်ငန်းမှာ ၃၁ ဒသမ ၂၄  ရာခိုင်နှုန်နဲ့ အကြီးမားဆုံးရှယ်ယာရှင်ဖြစ်ပြီး Chevron က ၂၈ ဒသမ ၂၆  ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ ကျန်တာကို ထိုင်းနိုင်ငံမှ PTTEP နဲ့ MOGE တို့က ပိုင်ဆိုင်တာဖြစ်ပါတယ်။ 

Total Energies  ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထပ်ခါတလဲလဲ၊ လူသိရှင်ကြားနဲ့ အလွန်ပြင်းထန်စွာ ရှုတ်ချခဲ့ကြောင်း Pouyanne က သူ့ရဲ့စာထဲမှာ ပြောကြားထားပါတယ်။ 

ရတနာ လုပ်ကွက်ကနေ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုရဲ့ ကုမ္ပဏီဝေစုဟာ စုစုပေါင်းထုတ်လုပ်မှုရဲ့ ၁ ရာခိုင်နှုန်းအောက်သာရှိကြောင်းလည်းသူကပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ပြင်သစ်အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Total ဟာ အကြမ်းဖက်စစ်တပ်အတွက် သဘာဝဓါတ်ငွေ့ကဏ္ဍမှ နှစ်စဉ် ဒေါ်လာသန်းနဲ့ချီဝင်ငွေရရှိနေတဲ့ လမ်းကြောင်းကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုကို ထောက်ခံတဲ့အကြောင်း အချက်ပြလိုက်ပြီလို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

Total စွမ်းအင်ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်ကတည်းက ရတနာအမည်ရှိတဲ့ သဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ တူးဖော်မှုလုပ်ငန်းတွေကို စတင်ခဲ့တာဖြစ်ပြီး စစ်တပ် ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြန်မာ့စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ထံ အခွန်ဘဏ္ဍာငွေတွေကို ပေးဆောင်နေရတာပါ။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊အာရှရေးရာဌာနမှ စည်းရုံးရေးဒါရိုက်တာ John Sifton က “မြန်မာသဘာဝဓာတ်ငွေ့မှ ရရှိတဲ့ ဘဏ္ဍာငွေတွေကို အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ကြီးတို့က အကြောင်းပြချက်မရှိ အရေးယူနှောင့်နှေးမှု မရှိတဲ့အပေါ် Total စွမ်းအင်ကုမ္ပဏီနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့က ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအစိုးရတွေက အကြမ်းဖက်စစ်တပ်ရဲ့ ရိုင်းစိုင်းတဲ့ အုပ်ချုပ်မှုအတွက် ပေးဆောင်နေရတဲ့ ရန်ပုံငွေတွေကို ပစ်မှတ်ထားဖို့ လိုတာကြောင့် အရေးကြီးတဲ့ အစီအမံတွေကို ချမှတ်ပြဋ္ဌာန်းသင့်တယ်လို့” ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ထံ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက်နေ့က ရောက်ရှိလာတဲ့ စာအရ Total စွမ်းအင်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Patrick Pouyanne ကလည်း “သဘာဝဓာတ်ငွေ့မှ အခွန်ဘဏ္ဍာငွေ စီးဆင်းမှုကို ပစ်မှတ်ထား အရေးယူဖို့နဲ့စပ်လျဉ်းပြီး အကောင်အထည်ဖော်သွားမယ့်အကြောင်းကို အမေရိကန်နဲ့ ပြင်သစ်မှ အာဏာပိုင်အဖွဲ့အစည်း တွေနဲ့ပြောဆိုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အမေရိကန်နဲ့ ဥရောပတို့က ပိတ်ဆို့အရေးယူမှုဆုံးဖြတ်ချက်တိုင်းကို လိုက်နာမယ့်အပြင် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတိုင်းကိုလည်း ထောက်ခံပါတယ်လို့ပြောပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံချမှတ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပြီး အမေရိကန်ကလည်း စစ်အုပ်စုကို အရေးယူဖို့ နောက်ထပ် ခြေလှမ်းတွေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် လူပေါင်း ၁၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

“ဒါတွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေပါ။ အခုဆိုရင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ နယ်မြေတွေမှာ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန်ကျူးလွန်နေပါပြီ။ ဒီရလဒ်တွေကြောင့် အကြမ်းဖက်စစ်တပ်အား ပေးချေရမယ့် ငွေတွေကို ဆိုင်းငံ့ထားရှိဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အလုပ်သမားအသင်းအဖွဲ့တွေက ဖိအားပေးတောင်းဆိုလာတာကို ပြင်သစ်အခြေစိုက် Total စွမ်းအင်ကုမ္ပဏီအနေဖြင့် ရင်ဆိုင်နေရတယ်”လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထောက်ပြထားပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်တပ်ပိုင် စီးပွားရေးကော်ပိုရေးရှင်းလုပ်ငန်းတွေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုကို ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)ကတော့ ပိတ်ဆို့မှုစာရင်းထဲမှာ ပါဝင်မှုမရှိသေးပါဘူး။

မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့စီမံကိန်းဟာ အကြမ်းဖက်စစ်တပ်အတွက် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိနေတာပါ။ ဒါက နိုင်ငံခြားအရန်ငွေကြေးမှာ တခုတည်းသော အကြီးဆုံး ဝင်ငွေရလမ်းကြောင်းကြီးလည်း ဖြစ်ပါတယ်။ ဒီငွေတွေဟာ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) သို့မဟုတ် စစ်တပ်ကထိန်းချုပ်ထားတဲ့ နိုင်ငံခြားငွေစာရင်းထဲ အမေရိကန်ဒေါ်လာအနေဖြင့် ဝင်ရောက်မှုရှိနေတာပါ။

Total စွမ်းအင်ကုမ္ပဏီ၊ Chevron နဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ရောင်းချနေတဲ့ မြန်မာ့သဘာဝဓာတ်ငွေ့မှ ၈၀ ရာခိုင်လောက်ကို ထိုင်းနိုင်ငံ PTT ကဝယ်ယူနေတာပါ။ တခါ PTT ကုမ္ပဏီက တောင်ကိုရီးယား POSCO ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းပြီး တရုတ်နိုင်ငံဆီ သဘာဝဓာတ်ငွေ့ကို ဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အဆိုပါကုမ္ပဏီတွေမှ အစုရှယ်ယာရှင်တွေဆီ သဘာဝဓာတ်ငွေ့မှ ရရှိတဲ့ ဝင်ငွေအပေါ် ပိတ်ဆို့အရေးယူမှုကို ထောက်ခံကြဖို့ စာရေးသားပေးပို့ထားပြီး တိုက်တွန်းထားပါတယ်။

“စီးပွားရေးပိတ်ဆို့မှုအတွက် ထောက်ခံကြောင်း Total စွမ်းအင်ကုမ္ပဏီက လုပ်ဆောင်ချက်ကို မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေအနေဖြင့် အတုယူသင့်ပါတယ်။ အထူးသဖြင့် မြန်မာ့သဘာဝဓါတ်ငွေ့ကို တဦးတည်း အများဆုံးဝယ်ယူထားတဲ့ ထိုင်းအစိုးရအနေနဲ့ အတုယူသင့်တယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေမှ ဘုတ်အဖွဲ့ဝင်တွေ နဲ့ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ Total စွမ်းအင်ကုမ္ပဏီမှ ဆုံးဖြတ်ချက်အတိုင်း လိုက်ပါဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊အာရှရေးရာဌာနမှ စည်းရုံးရေးဒါရိုက်တာ John Sifton ကပြောပါတယ်။

မြန်မာစစ်တပ်အပေါ် ဖိအားတွေ တိုးလာစေဖို့အတွက် မြန်မာနိုင်ငံတွင်း သဘာဝဓာတ်ငွေ့ ၀င်ငွေအပေါ် စစ်တပ်ရဲ့ အခွန်ငွေတွေကို ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံးစတင်ဖို့ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ကို ကမ္ဘာတဝန်းရှိ ရိုဟင်ဂျာအဖွဲ့အစည်းတွေကနေ ဇန်နဝါရီ  ၂၀ ရက် နေ့စွဲနဲ့ ပူးတွဲထုတ်ပြန်ချက်မှာ လက်မှတ်‌ရေးထိုး တောင်းဆိုလိုက်ပါတယ်။ 

အမေရိကန် Chevron နဲ့ ပြင်သစ် Total တို့ ပါဝင်နေတဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းတွေဟာ မြန်မာစစ်တပ်အတွက် နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်းရာနဲ့ချီ ပေးဆောင်နေပြီး ဒီငွေတွေဟာ ကလေးတွေကို သတ်ဖြတ်တာနဲ့ ရွာတွေကို ပစ်မှတ်မခွဲခြားပဲ ဗုံးနဲ့တိုက်ခိုက်တာ အပါအဝင် စစ်တပ်ရဲ့ရာဇ၀တ်မှုတွေကို ကူညီပေးနေတာ လို့ ဆိုပါတယ်။ 

အခုချိန်ထိ သမ္မတ ဘိုင်ဒင်နဲ့ သမ္မတ မာခရွန်းတို့ဟာ မြန်မာလူမျိုးတွေရဲ့ အသက်တွေထက် အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတွေရဲ့ အမြတ်အစွန်းတွေကို ကာကွယ်ပေးနေပြီးတော့ ဓာတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ပိတ်ဆို့ထားနေတုန်းပဲ ဖြစ်ပြီး ဒါကို အရေးတကြီး ပြောင်းလဲဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်တပ် အာဏာသိမ်းတာ တစ်နှစ်နီးပါး ရှိနေပြီး အမေရိကန်၊ အီးယူ၊ ယူကေနဲ့ ကနေဒါတို့က သစ်နဲ့ကျောက်မျက်တွေအပါအဝင် မြန်မာစစ်တပ်အတွက် ဝင်ငွေရရှိတဲ့ ရင်းမြစ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ အများအပြား ချမှတ်ထားပေမဲ့ စစ်တပ်ရဲ့ အကြီးမားဆုံး ၀င်ငွေ အရင်းအမြစ်တွေထဲက တစ်ခုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေအပေါ်တော့ ခုထိ မတို့မထိသေးဘူး လို့လည်း ဆိုပါတယ်။ 

ဒါကြောင့် သမ္မတ  နှစ်ဦးအနေနဲ့ ဓာတ်ငွေ့ဝင်ငွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ စတင်လုပ်ဆောင်ပေးခြင်းအားဖြင့် စစ်တပ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေကြတဲ့ မြန်မာပြည်သူအားလုံးနဲ့အတူ ရပ်တည်ပေးဖို့အတွက် ရိုဟင်ဂျာအဖွဲ့အစည်း ၂၁ ဖွဲ့တို့က ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်တောင်းဆိုထားပါတယ်။

ကိုးကား- အေဂျင်စီသတင်းများ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024