ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြိုမှာ ဇန်နဝါရီ ၂၀ ရက်နေ့က CDM ရဲနှစ်ဦးအပါအဝင် ပြည်သူ ၂၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မနက် ၁ နာရီလောက်က ပန်းစစ်ကျေးရွာမှာ ရောက်ရှိနေတဲ့ CDM ရဲတစ်ဦးနဲ့ အသက် ၇၀ အရွယ် ဖခင်အပါအဝင် အုပ်ချုပ်ရေးမှူးနဲ့ ရွာသား အယောက် ၂၀၊ ကံသာရွာက ပရဟိတ ဆောင်ရွက်နေသူ ၃ ဦး၊ ဈေးတန်းရပ်ကွက်က CDM ရဲ ၁ ဦး စုစုပေါင်း ၂၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ကျေးရွာအတွင်းနေထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
CDM ရဲနှစ်ဦးနဲ့ ကျေးရွာသားတွေကို စစ်သားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မနက် ၄ နာရီလောက်မှ ပြန်သွားကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ရဲတဦးဟာ ၄ လပိုင်းကတည်းက CDM လုပ်ခဲ့တာဖြစ်ပြီး မိသားစုအိမ်ကို ခဏအလည်လာတဲ့အချိန် သတင်းပေးကြောင့် အဖမ်းခံရတာလို့ ကျေးရွာသားတွေက ဆိုပါတယ်။
အဲဒီလို ဝင်ရောက်ဖမ်းဆီးတဲ့အချိန် နေအိမ်ထဲမှာရှိတဲ့ ငွေကြေးနဲ့ အခြားလိုချင်တဲ့ ပစ္စည်းတွေ အကုန်လုံးယူဆောင်သွားကြတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို ဘယ်ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရှိရ သေးပါဘူး။