ကေအိုင်အို လိုင်ဇာဌာနချုပ်အနီး နမ့်ဆန်ယန်ရွာတွင် ရွှေတူး‌ဖော်နေဆဲ

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရွှေတူးဖော်မှုတွေကိုရပ်ဆိုင်းဖို့ ကေအိုင်အိုက ထုတ်ပြန်ထားပေမဲ့ လိုင်ဇာဌာနချုပ်နဲ့ ၁၅ မိုင်သာ ကွာဝေးတဲ့ နမ့်ဆန်ယန်ရွာမှာတော့ ရွှေတူးဖော်မှုတွေ ဆက်လက် ပြုလုပ်နေဆဲလို့ ဒေသခံတွေက နေသိရပါတယ်။

အမည်မ‌‌ဖော်လိုတဲ့ ဒေသခံတစ်ဦးက “အခုရွာ(နမ်ဆန်ယန်) မှာက တူးနေကြတုန်းပဲ။ နေ့ကော ညကော အရင်အတိုင်းပဲ၊ တူးနေကြတုန်းပဲ၊ ဘက်ဖိုးတွေ၊ စက်အကြီးတွေနဲ့ကော တူးနေကြတာ လမ်းမပေါ်တောင်ရောက်တော့မယ်”လို့  ပြောပါတယ်။

ရွှေတူးဖော်မှုတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ပြီး နမ့်ဆန်ယန်ကျေးရွာ ပတ်ဝန်းကျင်မှာ ရွှေတူးဖော်နေရာကနေ အခုချိန်မှာတော့ လူနေအိမ် ကျေးရွာအတွင်းတွေမှာ တူး‌ဖော်နေကြကာ စစ်ရှောင်ပြည်သူတွေရဲ့ အိမ်ခြံမြေတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ကြားတာ တချို့တွေက အိမ်ခြံကို‌ရောင်းစားပြီးတူးခိုင်းတယ်ပြောတယ်၊ တချို့က ဘေးအိမ်ခြံတွေ အကုန်ရောင်းစားကုန်တော့ သူတို့ပဲကျန်နေတော့ မ‌ရောင်းချင်ပေမဲ့လည်း ရောင်းလိုက်ရတဲ့ သူတွေရှိတယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေတူးဖော်မှုနဲ့ပတ်သက်လို့ ၂၀၂၁ ဒီဇင်ဘာ ၂၇ ရက်က ကေအိုင်အို ထုတ်ပြန်ချက်မှာလည်း စစ်ရှောင်ပြည်သူတွေရဲ့ အိမ်ခြံမြေ၊ ဥယျာဥ်ခြံမြေတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုဖော်ပြထားတာ တွေ့ရပါတယ်။

နမ့်ဆန်ယန်ကျေးရွာဟာ အိမ်ထောင်စု ၅၀၀ ကျော်နေထိုင်တဲ့ကျေးရွာဖြစ်ပြီး ပြည်သူအများစုကတော့ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားကတည်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြတာပါ။

၂၀၁၉ ခုနှစ်မှာတော့ အိမ်ထောင်စု ၁၇ စုသာ စစ်တပ်ရဲ့ အစီအစဥ်နဲ့ နေရပ်ပြန်ခဲ့ပြီး ကျေးရွာပြည်သူအများစုဟာ  စစ်ရှောင်စခန်းတွေမှာ နေထိုင်နေဆဲဖြစ်ပါတယ်။

//
More News
Up