Home
မြန်မာသတင်း
စစ်ကောင်စီက စပါးရိတ်သိမ်းလိုသည့် ဒီပဲယင်းစစ်ရှောင်များထံမှ ၁ ဧက နှစ်သိန်းခန့် တောင်းရမ်းနေ
DVB
·
January 20, 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေက စစ်ဘေးရှောင်တွေရဲ့ လယ်တွေ ရိတ်မယ်ဆိုပါက တစ်ဧကကို တစ်သိန်းခွဲ၊ နှစ်သိန်းလောက်အထိ တောင်းယူနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲကြတော့ဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

“သူတို့လယ်တွေကို ရိတ်မယ်ဆိုရင်လည်းပဲ ၁ ဧကကို တစ်သိန်း ၂ သိန်းခွဲအဲဒီလိုပေးရမှာ။ အဲဒီလိုမျိုးတွေလုပ်တဲ့အတွက် ပြည်သူတွေက နေရပ်ကိုမပြန်ရဲတော့ဘူး။ ကျနော်တို့မြို့နယ်ထဲက အဆင်ပြေရာ ရွာတွေမှာလည်း အမြဲတမ်းစစ်ဘေးရှောင်အဖြစ်နေကြတယ်ပေါ့။”

ဒီပဲယင်းမြို့နယ်အတွင်းက ညောင်ကိုင်း၊ ရုံးတော၊ ကြောင်ရှာတော၊ မအူပင် စတဲ့ ကျေးရွာတွေမှာ ပျူစောထီးတွေ စိုးမိုးနေကြောင်း၊ သူတို့လက်အောက် မဝင်ရင် သတ်ပစ်တာတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်တာကြောင့် ပြည်သူတွေဟာ နေအိမ်ကိုမပြန်ရဲကြတော့တာလို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ရေဦးမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေဘက်က ကျေးရွာတွေမှာလည်း ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာကဒေသခံတွေ နေရပ်ကို မပြန်ရဲတော့ဘူးလို့ ဆိုပါတယ်။

“ပဒေသာ၊ ဝသာ၊ တချို့ရွာတွေကပေါ့ အမြဲတမ်းတော့ ရှောင်နေရတာတော့ မဟုတ်ဘူး၊ ဘယ်လိုပြောမလဲ စစ်ကြောင်းထိုးလိုက် ရှောင်လိုက်ပေါ့။  လေယာဉ်နဲ့ လာပစ်လိုက်ရှောင်လိုက် အဲ့ဒါမျိုးတွေလည်းရှိတယ်။ တခြားမြို့နယ်က ဟာတွေကျတော့ ခင်ဦးတို့၊ ရွှေဘိုတို့မြို့ထဲက ဟာတွေကကျတော့ အမြဲတမ်းစစ်ဘေးရှောင်ဖြစ်သွားပြီ။ သူတို့ကကျတော့ ညောင်ကိုင်းတို့၊ ရုံးတောတို့၊ ကြောင်ရှာတောတို့ ဒီနား မအူပင်တို့ကတော့ အမြဲတမ်းစစ်ဘေးရှောင်တွေဖြစ်သွားပြီ။ သူတို့က ပျူတွေကလည်း အဲ့ရွာမှာ ကြီးစိုးသွားပြီ။ သူတို့လက်အောက်ကို ဝင်ရင်ဝင် မဝင်ရင်သတ်မယ်တို့ အိမ်တွေကို မီးရှို့တာတို့၊ ပြည်သူတွေရဲ့ နေအိမ်ထဲက စပါးတွေ ယူသွားတာတို့၊ ပြီးရင် အဲ့ရွာမှာပြန်နေလို့ရှိရင် သူတို့ဆီမှာ လက်မှတ်ထိုးဝင်ရတာ။” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။ 

စစ်ကောင်စီက လေယာဉ်နဲ့ ကျေးရွာတွေအတွင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတွေ၊ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီး ပစ်ခတ်တာတွေကြောင့်  စစ်ဘေးရှောင် သောင်းချီ ရှိနေပြီလို့ သိရပါတယ်။ 

စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်နေရာမှာ အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲနဲ့ အဝတ်အစား အခက်အခဲ၊ ဆေးဝါးအခက်အခဲတွေ ဖြစ်ပေါ်လာပြီး အလှူရှင်တွေလည်း ဒီပဲယင်းစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတယ်ဆိုတော့ အဝတ်အစားလိုအပ်တယ်၊ စားနပ်ရိက္ခာတွေ လိုအပ်ပါတယ်။ ဆန်လို ဟာမျိုးကျတော့ အဆင်ပြေသလို ထောက်ပံ့ကြတယ်။ ရက်ကြာလာတဲ့ အခါကျတော့ ဟင်းချက်စရာတို့၊ အဝတ်အစားတို့ ဆေးဝါးတို့ တော်တော်လေး လိုအပ်တယ်ဗျ ကျနော်တို့လည်း ရှိတာလေးနဲ့ကူညီရတာဆိုတော့ ကြာတော့ အဆင်မပြေဖြစ်လာတာပေါ့။ အမြဲတမ်းစစ်ဘေးရှောင်က ကျနော်တို့မြို့နယ်ထဲ ၅၀၀ လောက် အားလုံးပေါင်း ၁ ထောင်ကျော်ရှိတယ်ဗျ။ အဖွဲ့က ကျနော်တို့ လက်ရှိကူညီနေတာကိုပြောတာနော်” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာမှာ စစ်ကောင်စီက နိုဝင်ဘာ ၂၇ ရက်နေ့က လေကြောင်းက ရဟတ်ယာဉ် ၅ စီးနဲ့ ထိုးစစ်ဆင်တာကြောင့် ဒေသခံ ၁၈ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်မှာ လူငယ် ၇ ဦးအသတ်ခံခဲ့ရသလို ဒီဇင်ဘာ ၆ ရက်နေ့ကလည်း  စစ်ကောာင်စီတွေ လာနိုင်တဲ့ ကျေးရွာလမ်းကြောင်းတွေမှာ မိုင်းလာထောင်စဉ်  ပေါက်ကွဲမှုဖြစ်ပြီး  PDFအဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024