စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီကျေးရွာအရှေ့မြောက်ဘက် ကျွန်းကုန်းကြီးတောအတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၄ နာရီလောက်မှာ အနီးကပ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့က ကမ်းနီမျာ တပ်စွဲခဲ့ပြီး ဝဲကြီးရွာ၊ ပေကုန်းရွာနဲ့ အင်းရွာတွေမှာ စစ်ကြောင်းထိုးရှာဖွာတာတွေပြုလုပ်ခဲ့ပြီး ကမ်းနီးရွာကို ပြန်လည်တပ်စွဲတဲ့ တပ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ထီးချိုင့်ပြည်သူတော်ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “သူတိုက ကမ်းနီကျေးရွာကနေ ဒီနေ့ပြန်ထွက်လာတယ်။ ပထမက တစုတစည်းထွက်လာတယ်ဗျ။ အင်အား ၅၀ လောက်ရှိမယ်ဗျ။ နောက်ပိုင်း သူတို့နှစ်ဖွဲခွဲတဲ့သဘောရှိတယ်။ အဲဒီခွဲထွက်လာတဲ့ စစ်ကောင်စီအဖွဲ့တဖွဲ့ကို ကျနော်တို့ဒေသခံ စစ်ကောင်စီတော်လှန်ရေးအဖွဲ့ထဲက ရဲဘော် ၃ ယောက်နဲ့ အလစ်ဝင်တိုက်ခိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီဘက်က ၁၃ ယောက်လောက်ဒဏ်ရာရှိသွားတယ်။ ကျနော်တို့ဘက်ကတော့ နယ်မြေကျွမ်းကျင်မှုကို အသုံးချပြီး တပ်သား ၃ ဦးနဲ့ ပြောက်ကျားတိုက်ခဲ့တာဆိုတော့ အကျဆုံးမရှိဘူး” လို့ ပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ စစ်တပ်ဟာ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌရဲ့ ယောက်ဖတော်စပ်သူ အင်းရွာကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းရဲ့ နေအိမ်ကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ခင်းက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။