မွန်ဝန်ကြီးချုပ်ကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုဖြင့် ရုံးထုတ် စစ်ဆေး

ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၂ မှုအတွက် ဇန်နဝါရီ ၁၉ ရက် ဒီနေ့  ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီရုံးချိန်းမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုလို့ ခေါ်တဲ့ ရာဇသတ်ကြီး ဥပဒေ  ပုဒ်မ ၁၇၁ (စ) အမှု ၂ မှု အတွက် စစ်ကောင်စီရဲ့ တရားလိုပြသက်သေကို စစ်ဆေးခဲ့တာပါ။

စစ်ကောင်စီရဲ့ တရားလိုပြသက်သေအဖြစ် မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က လာရောက် ထွက်ဆိုခဲ့ပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကိုတော့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က စစ်ကောင်စီရဲ့ တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု အပါအဝင် အဂတိလိုက်စားမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ နိုင်ငံဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ ပုဒ်မ ၅၀၅(ခ) နဲံ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

//
More News
Up