တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနရုံး ဗုံးပေါက်ကွဲ

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနရုံးမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီကို ဝင်ငွေရှာပေးနေတဲ့ တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနရုံးမှာ ဒီကနေ့ မနက် ၄ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့တာလို့ တပ်ကုန်မြို့ခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

“မနက်အစောပိုင်း အိပ်ရာက မထခင် ဗုံးပေါက်ကွဲတဲ့ အသံ အကျယ်ကြီးကြားလိုက်ရတယ်ဗျ။ မြေကြီးတောင်တုန်တယ်။ ဘယ်မှာပေါက်ကွဲတာလဲလို့ ဘေးပတ်ဝန်းကျင်ကို စုံစမ်းကြည့်တော့ မြို့နယ်အခွန်ဦးစီးမှူးရုံးမှာပေါက်ကွဲတာလို့ သိရတယ်။ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီး အခြေအနေကို ကျနော်တို့လည်း သွားမကြည့်ရဲလို့ အတိအကျမသိရသေးသလို ဘယ်အဖွဲ့အစည်းက ဖောက်ခွဲခဲ့တယ်ဆိုတာကိုလည်း အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် တပ်ကုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ အများအပြား နေရာယူထားပြီးတော့ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေ၊ ကားတွေကို အသေးစိတ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေနေကို အတိကျသိရှိနိုင်ဖို့ တပ်ကုန်းမြို့နယ် အခွန်ဦးစီးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

တပ်ကုန်းမြို့နယ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်မှုထောင်ဟောင်း ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ကြီး(အငြိမ်းစား) တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

//
More News
Up