ယူကရိန်းကို လက်နက်ထောက်ပံ့မည်ဟု အမေရိကန်အထက်လွှတ်တော်အမတ်ပြော

ယူကရိန်းမြို့တော် ကိယက်ဗ်ကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်များအုပ်စုက ယူကရိန်းနဲ့အတူ သွေးစည်းပြီး လက်နက်တွေ ထောက်ပံ့မယ်လို့ ဇန်နဝါရီ ၁၇ ရက်က ကတိပြုလိုက်ပါတယ်။

ယူကရိန်းအပေါ် စစ်ရေးထိုးစစ်မဆင်ဖို့ကိုလည်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို သူတို့က သတိပေးလိုက်ပါတယ်။ ရုရှားကတော့ စစ်ရေးထိုးစစ်အသစ်အတွက် စီစဉ်နေတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

“ဗလာဒီမီယာပူတင်ဟာ သူကျူးကျော်လာခဲ့ရင် ယူကရိန်းပြည်သူတွေက ဘယ်လောက် သတ္တိရှိရှိ ပြန်တိုက်မလဲဆိုတာကို လျှော့တွက်ရင်း သူ့သက်တမ်းရဲ့ အကြီးဆုံးအမှားကို လုပ်ခဲ့ပြီလို့ ကျနော် ထင်တယ်။ ကျနော်တို့ဟာ ရုရှားအတွက် နစ်နာစေမယ့် စီးပွားရေး ဒဏ်ခတ်တာတွေ ချမှတ်မယ်။ ပိုအရေးကြီးတာက ယူကရိန်း ပြည်သူတွေကို လက်နက်တွေ ပေးမယ်၊ သူတို့အသက်နဲ့ လူနေမှုဘဝကို ကာကွယ်ဖို့ လိုနေတဲ့ လူသေစေတဲ့ လက်နက်တွေပေ့ါ” လို့ သူက သမ္မတ ဗိုလိုဒိုမျာ ဇေလန်စကီနဲ့ တွေ့အပြီးမှာ အထက်လွှတ်တော်အမတ် ရစ်ချတ်ဘလူမန်သယ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဇက် ဘော်ရယ်ကတော့ ရုရှားက ယူကရိန်းကို အကြီးအကျယ် တိုက်ခိုက်မယ့် ဖြစ်နိုင်ခြေအရှိဆုံးတော့ မဟုတ်ဘူးလို့ ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

အရင်အပတ်က ယူကရိန်းအစိုးရခံစားခဲ့ရတဲ့ ဆိုင်ဘာတိုက်ခိုက်မှုလိုမျိုးကတော့ ထပ်ဖြစ်နိုင်ပြီး ဥရောပသမဂ္ဂဟာ တိုက်ခိုက်မယ့် ဖြစ်စဉ်အတွက် ဒဏ်ခတ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သူက ပြောပါတယ်။

//
More News
Up