ယူအေအီးနိုင်ငံကို ပိုပြီးပစ်မှတ်ထားနိုင်ကြောင်း ဟူသီတပ် သတိပေး

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံထဲက နေရာတွေကို ပိုပြီး ပစ်မှတ်ထားနိုင်တယ်လို့ ယီမင်နိုင်ငံအခြေစိုက် ဟူသီတပ်ဖွဲ့က ဇန်နဝါရီ ၁၇ ရက်မှာ သတိပေးလိုက်ပါတယ်။

ပဲ့ထိန်းဒုံးကျည် ၅ စင်းနဲ့ ဒရုန်းယာဉ်အတော်များများကို သုံးပြီး ပစ်ခတ်တိုက်ခိုက်အပြီးမှာ ဟူသီတွေက ခုလို ပြောလိုက်တာပါ။

ယူအေအီးနိုင်ငံထဲက အထိမခံနိုင်တဲ့ ပစ်မှတ်တွေ၊ အဘူဒါဘီမြို့မူစတာဖှာ ဒေသထဲက ရေနံချက် စက်ရုံတရုံ၊ အဘူဒါဘီနဲ့ ဒူဘိုင်းက လေဆိပ်တွေကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေ ဒရုန်းယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အီရန်နဲ့ မဟာမိတ် ဟူသီတပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

ဟူသီတွေ တိုက်ခိုက်တာကြောင့် အဘူဒါဘီလေဆိပ်နားမှာ မီးလောင်ပြီး မူစတာဖှာဒေသထဲက လူ ၃ ယောက် သေဆုံးခဲ့သလို လောင်စာတင်ယာဉ်တွေ ပေါက်ကွဲခဲ့ကြောင်း၊ ပြန်တုံ့ပြန်ဖို့ ယူအေအီးမှာ အခွင့်အရေးရှိတယ်လို့ ယူအေအီးအစိုးရက ပြောထားပါတယ်။

ယူအေအီးမြေပေါ်က အရပ်သားတွေကို ဟူသီတွေက အကြမ်းဖက် တိုက်ခိုက်တာ ပြစ်တင်ရှုတ်ချကြောင်း၊ အပြစ်မပေးဘဲ နေမှာ မဟုတ်ဘူးလို့လည်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်ဖြစ်ပြီး ပင်လယ်ကွေ့ အာရပ်ညွန့်ပေါင်းအဖွဲ့ဝင်ဖြစ်တဲ့ ယူအေအီးဟာ ယီမင်နိုင်ငံထဲက ရေနံထုတ်လုပ်ရာ ရှာဘွာနဲ့ မာရစ်ဘ်ဒေသတွေထဲမှာ ဟူသီတွေကို တိုက်ခိုက်မယ့် ယီမင်တပ်တွေကို လက်နပ်တပ်ဆင်ပြီး သင်တန်းပေးနေတာပါ။

အီရန်နဲ့ မဟာမိတ်ဟူသီတွေနဲ့ အာရပ်ညွန့်ပေါင်းတပ်တို့ဟာ ယီမင်နိုင်ငံအတွင်း စစ်ဖြစ်နေပါတယ်။ 

အာရပ်ညွန့်ပေါင်းအဖွဲ့ ခေါင်းဆောင် ဆော်ဒီအာရေဗျနိုင်ငံထဲကိုလည်း ဟူသီတွေက နယ်စပ်ဖြတ်ကျော်ပြီး ဒုံးကျည်တွေ ဒရုန်းယာဉ်တွေနဲ့ မကြာခဏ တိုက်ခိုက်နေတာပါ။ ဒါပေမဲ့ ယူအေအီးနိုင်ငံကို တိုက်ခိုက်တာကတော့ နည်းတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

//
More News
Up