လွိုင်ကော်မြို့တွင် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့၊  ဒေါတမရပ်ကွက်နေ ဒေသခံပြည်သူတယောက်  လက်နက်ကြီးထိမှန် သေဆုံးသွားပါတယ်။

ထိခိုက်သေဆုံးသူဟာ  အသက် ၃၀ ဝန်းကျင်ရှိသူ အမျိုးသားတယောက်ဖြစ်ပြီး  ဒီကနေ့ မနက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထိမှန်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်အသုံးပြုကာ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ဒီကနေ့ လက်နက်ကြီးကျရောက်မှုကြောင့် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပေမယ့် အရေအတွက်ကို မသိရသေးပါဘူး။

စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာကြောင့် လွိုင်ကော်မြို့နယ် မြို့နေ ဒေသခံထက်ဝက်ကျော် မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုရန်မှ ကာကွယ်ရေးအတွက် ဗုံးခိုကျင်းတွေ အမြန်ဆုံးတူးထားဖို့နဲ့ စားနပ်ရိက္ခာ စုဆောင်းပြင်ဆင်ထားကြဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ဇန်နဝါရီ ၁၇ ရက်က ကရင်နီပြည်သူ့လုံခြုံရေးဆိုင်ရာ အရေးပေါ်ထုတ်ပြန်ကြေညာထားပါတယ်။ 

//
More News
Up