Home
မြန်မာသတင်း
ကယားစစ်ရှောင်များကို စစ်ကောင်စီက အခြားဒေသ ထွက်ခွင့်မပြုဘဲ ပိတ်ပင်
DVB
·
January 18, 2022

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေကို စစ်ကောင်စီက ဒေသတွင်းကနေ ပေးမထွက်ဘဲ ပိတ်ပင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဇန်နဝါရီလကစတင်ပြီး အခုအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က လက်နက်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ အကျအဆုံး၊ ထိခိုက်မှုတွေ များလာတာကြောင့် လေယာဉ်နဲ့ ဗုံးကြဲမှုတွေပြုလုပ်လာတာကြောင့် ထောင်နဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။  

စစ်ရှောင်တွေဟာ နေအိမ်တွေနဲ့ ဥစ္စာပစ္စည်းတွေကို ပစ်ခဲ့ပြီး မွေးရပ်မြေနဲ့ ဆွေမျိုးတွေရှိတဲ့ ဒေသတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ ဆန္ဒရှိနေပေမဲ့ စစ်ကောင်စီရဲ့ ပိတ်ပင်မှုတွေကြောင့် ပြောင်းရွှေ့ခွင့်မရဘဲ လမ်းတဝက်မှာပဲ အခက်အခဲတွေနဲ့ တွေ့နေရပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ဒေသထဲက ထွက်ခွင့်မပေးတာတွေ၊ စစ်ရှောင်တွေ ပြောင်းရွှေ့နေထိုင်မဲ့ မြို့နယ်တွေမှာ ဝင်ခွင့်ပိတ်ပင်တာတွေ ရှိနေပြီး ငွေကြေးတတ်နိုင်သူတွေကိုတော့ ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရှောင်တွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ရှောင်တဦးက “ဘယ်ကလာတာလဲလို့ မေးတယ်၊ မှတ်ပုံတင်တွေစစ်တယ်၊ ကယားပြည်နယ်က ဆိုရင် ရစ်တာတွေ ပိုက်ဆံတောင်းတာတွေ လုပ်တယ်။ အချို့ဆို လုံးဝဝင်ခွင့်မပေးဘူး။ ဝင်ခွင့်ရတဲ့သူတွေဆိုရင်လည်း ဒီကသူတွေ အိမ်ငှားခတွေက အဆမတန်တောင်းတယ်။ နောက်ပြီး စကစဘက်က စစ်ရှောင်လာသူတွေကို လက်မခံဖို့ကို ကြေညာတာတွေလည်း လုပ်တယ်။  နောက် ကယားကို ဝင်လာတဲ့ ခရီးသည်တင်ယာဉ်ကားတွေ၊ ပစ္စည်းသယ်တဲ့ ကားတွေကို ဝင်ခွင့်မပေးတော့ဘူး။ လူပဲ ဝင်ရမယ်၊ ပစ္စည်းတွေ ထားခဲ့ရမယ်လို့ ပြောလို့ နေ့ချင်းဂိုထောင်ငှားပြီး ပစ္စည်းတွေ အပ်ထားရတယ်လို့လည်း သိရတယ်။ ကျနော်တို့အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ငယ်ငယ်ကတည်းက နေလာခဲ့တဲ့ နေရာလေးကို စွန့်ခွာပြီး ဒီလိုရှောင်လာရတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ကယားကို အကုန်ဖြတ်တောက်မှုတွေ လုပ်တော့မယ်လို့လည်း ကြားနေရတယ်။ စကစတွေက သူတို့ကို မြို့နယ်ကာကွယ်ရေးတပ်တွေက ပြည်သူတွေနဲ့မို့ ညှာနေမှန်းသိလို့ လူသားဒိုင်းလို လုပ်ချင်နေတာ။ သူတို့တွေပဲ အမြဲအကျအဆုံးများနေလို့ လေယာဉ်နဲ့ လာတိုက်တယ်။ တိုက်တော့လည်း ကာကွယ်ရေးတပ်တွေကို မထိဘဲနဲ့ ပြည်သူတွေ နေအိမ်တွေကို ထိတယ်၊ နောက် စစ်ဘေးရှောင်တွေ နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေကအစ ခိုးတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းအရေအတွက် မလုံလောက်တာတွေ၊ အရေးတကြီး တိမ်းရှောင်လာကြရတာဖြစ်လို့ လိုအပ်တဲ့ပစ္စည်းတွေ အလုံအလောက်မပါလာတာကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

KNDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့အနေနဲ့ ရေတိုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပြည်သူတွေ ထိခိုက်တာတွေ ကျဆုံးတာတွေနဲ့ အခက်အခဲ၊ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကျနော်တို့လုပ်နေတာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက်ပဲ ဖြစ်တာကြောင့် ရေတို ထိခိုက်နစ်နာမှုတွေကို စတေးပြီး တိုက်ခိုက်မယ်ဆိုရင် စစ်ကောင်စီဘက်ကလည်း မခံနိုင်ဘူးလို့ ကျနော် ယုံကြည်တယ်။ အခုဆို ကျနော်တို့ရှိတဲ့ နေရာကို သူတို့မလာဘဲ သူတို့ရှိတဲ့နေရာကို ကျနော်တို့ သွားတိုက်နိုင်ပြီ။ အရင်ကလို ပြောက်ကျားစနစ်၊ ခံစစ်တွေဘဲ မဟုတ်ဘဲ တိုက်စစ်တွေကို စပြီးလုပ်ဆောင်လာနိုင်ပြီ ဖြစ်တာကြောင့် ကျနော်တို့ကို နားလည်ပေးစေချင်တယ်။ အထူးသဖြင့် အိုးအိမ်တွေ ပျက်စီးသွားတဲ့ မိဘပြည်သူတွေအတွက် ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ စည်းစိမ်ချမ်းသာတွေဆိုတာ မသေရင် ပြန်ရှာလို့ ရတာကြောင့် ကျနော်တို့အနေနဲ့ အသက်တွေကို စည်းစိမ်တွေထက် ပိုအလေးပေး ကယ်တင်ပါတယ်။ ကျနော်တို့ လက်ရှိ တိုက်ပွဲဝင်နေတာကလည်း အနာဂတ်မှာ ကောင်းစားဖို့အတွက် တိုက်ပွဲဝင်နေတာပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

ပြည်သူတွေကို ဒေသထဲက ထွက်ခွင့်မပေးဖို့ ပိတ်ပင်နေတာတွေရှိနေပြီး တိုက်ပွဲအတွက် ဓားစာခံ ရှာဖမ်းတာ၊ ထောင်ဖမ်းတာ၊ ဒေသခံတွေကို လူသားဒိုင်းသဖွယ်လုပ်ဖို့ ဖမ်းဆီးလုပ်ဆောင်တာတွေလည်း ရှိပါတယ်။ 

ရွာတွေအလိုက် မီးရှို့တာ၊ လူနေအိမ်တွေကို လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေပြီး ရွာသားတွေကို ကာကွယ်ရေးတပ်သားတွေလို့ စွပ်စွဲချက်တွေနဲ့ မီးရှို့သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဒီလထဲမှာပဲ စစ်ကောင်စီကြောင့် အပြစ်မဲ့ပြည်သူ ၃၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အပြစ်မဲ့ကလေးတွေလည်း ပါဝင်နေပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ KNDF တိုက်ပွဲတွေမှာ KNDF က အသာစီးရနေပြီး တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလအစကနေ အခုအထိ စစ်ကောင်စီဘက်က ကျဆုံးသူ ရာဂဏန်းအထိ ရှိလာပြီဖြစ်ပြီး လက်နက်အမြောက်အမြား သိမ်းဆည်းရရှိထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024