ယင်းမာပင် စစ်မှုထမ်း​ဟောင်းများ​နေထိုင်ရာအနီး ဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စစ်မှုထမ်း​ဟောင်းတွေနေထိုင်ရာ အောင်​ဇေယျကွက်သစ် (​ဒေသ​​အခေါ် ​ရွှေ​တောင်ဦးကုန်း)မှာ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက  ဒရုန်းယာဥ်တွေနဲ့  ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဗုံး​ပေါက်ကွဲခဲ့တဲ့နေရာဟာ စစ်မှုထမ်း​ဟောင်းတွေနဲ့ စစ်​ကောင်စီတပ်ဖွဲ့တွေ အစည်းအ​ဝေးကျင်းပ​လေ့ရှိတဲ့ ရှင်းလင်း​ဆောင်​ရှေ့မှာ ကျ​ရောက်​​ပေါက်ကွဲခဲ့တာလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

​ဗုံးလာချတဲ့ ဒရုန်းယာဥ်ဟာ  ၂ စီးဖြစ်တယ်လို့သိရပြီး ဒုတိယ​မြောက် ဒရုန်းကို​တော့ စစ်​ကောင်စီတပ်သားတွေက ​သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် ​အနီးနားက ​စျေးသည်တချို့နဲ့ ခရီးသွားပြည်သူ​တချို့ ထွက်​ပြေးခဲ့ကြရတယ်လို့ ​မျက်မြင်​တွေ့ရှိသူ​တွေက ​ပြောပါတယ်။

အခုလို ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရတာရှိ မရှိနဲ့ ဘယ်အဖွဲ့အစည်းက လုပ်​​ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

​အောင်​ဇေယျကွက်သစ်ဟာ မုံရွာ-ယာကြီး-က​လေးဝလမ်းပိုင်းနဲ့ မုံရွာ-ပုသိမ် ကားလမ်းပိုင်းတို့ရဲ့ လမ်းဆုံ​အနီးမှာရှိပြီး စစ်မှုထမ်း​ဟောင်းတွေအတွက် ​နေအိမ်တွေ တည်​ဆောက်​ပေးတဲ့နေရာဖြစ်ပါတယ်။

ဒီနေရာမှာ ​စစ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီတပ်ဖွဲ့တွေ တပ်စွဲ​လေ့ရှိပြီး စစ်​ဆေး​ရေးဂိတ်တွေလည်းရှိကာ ခရီးသွားကားတွေကိုလည်း  ပိုက်ဆံ​တောင်း​လေ့ရှိတယ်လို့ ​သိရပါတယ်။

//
More News
Up