မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း မန္တလေး-မိုးကုတ်လမ်းမကြီးအတိုင်း မြောက်ကနေ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ စစ်ကား ၉ စီးပါး စစ်ကောင်စီ ယာဥ်တန်းကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၂၅မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပ.က.ဖ-မတ္တရာ ထံက သိရပါတယ်။
မတ္တရာမြို့နယ် သပြေပင်ကုန်းကျေးရွာနဲ့ မြောင်းသစ်ကျေးရွာအကြားရှိ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ ဟင်းငုတ်ပင်ကြီးအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက် အကျအဆုံး များနိုင်တယ်လို့လည်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီယာဥ်တန်းဟာ သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာမြို့တွေကို ဖြတ်သန်းပြီး မန္တလေးမြို့ကို ဝင်မယ့် ယာဉ်တန်းဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ အသုံးပြုထားတဲ့ မိုင်းဟာ ပဒေသာမိုင်းအမျိုးအစားဖြစ်ပြီး ပေါက်ကွဲအား ပြင်းထန်တယ်လို့လည်း သိရပါတယ်။ မိုင်းခွဲခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုင်းဆွဲဖောက်ခွဲမှုဖြစ်တဲ့နေရာကို မတ္တရာမြို့မှ လူနာတင်ကားတွေ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။