မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု ဂျပန် ပြစ်တင်ရှုတ်ချ

မြောက်ကိုရီးယားရဲ့ ထပ်ခါတလဲလဲ ဒုံးကျည်ပစ်လွှတ်နေမှုကို ဂျပန်က အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်က ဇန်နဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရက မြို့တော် ပြုံယမ်းကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေလို့ သံသယရှိတဲ့ ဒုံးကျည် ၂ စီး ပစ်လွှတ်အပြီးမှာ ခုလို ပြောလိုက်တာပါ။

သီတင်းပတ် နှစ်ပတ်အတွင်း နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်စမ်းသပ်ချက် တခြား ၃ ကြိမ် ဆောင်ရွက်ခဲ့လို့ ပုံမှန်မဟုတ်တဲ့ ပစ်လွှတ်မှု အကြိမ်ရေ ဖြစ်လာခဲ့ပါတယ်။

စမ်းသပ်ချက်တွေထဲက ၂ ခုဟာ ပစ်လွှတ်ပြီးချိန်ရောက်မှ မြန်နှုန်းနဲ့ လားရာကို ထိန်းကျောင်းနိုင်စွမ်းရှိတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေ ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်က နောက်ဆုံး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကတော့ ရထားတွဲထဲကနေ ပစ်လွှတ်နိုင်တဲ့ တာတိုပစ် ပဲ့ထိန်း ဒုံးကျည်တွေ ပါတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ပစ်လွှတ်မှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုပဲလို့လည်း ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟိရိုခါ့ဇုမတ်စုနိုက ပြစ်တင် ပြောဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုအပေါ် ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ထားတဲ့ အမေရိကန်က ဆွေးနွေးညှိနှိုင်းရေး ပန်ကြားဖို့ရော ပြစ်တင်ရှုတ်ချဖို့ပါ စမ်းသပ်ချက်တွေက တွန်းအားပေးနေတယ်လို့  ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

//
More News
Up