စစ်ကောင်စီတပ်စွဲခဲ့သည့် ပုသိမ် အန်အယ်လ်ဒီရုံးမှ တန်ဖိုးရှိပစ္စည်းများ ပျောက်ဆုံး

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်စွဲခဲ့တဲ့ ဧရာဝတီတိုင်း၊  ပုသိမ်မြို့နယ်  အန်အယ်လ်ဒီ ပါတီရုံးက ကျပ်သိန်းထောင်ချီတန်ဖိုးရှိတဲ့ပစ္စည်းတွေ ပျောက်ဆုံးနေတယ်လို့ ပါတီအသိုင်းအဝန်းကနေ   သိရပါတယ်။

အမှတ် ၅ ရပ်ကွက်၊ မရမ်းချိုလမ်းမှာရှိတဲ့ အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်ရုံး ၃ ထပ်အဆောက်အအုံက ပစ္စည်းတွေအားလုံး အခိုးခံလိုက်ရတာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီနဲ့ နီးစပ်သူတဦးက “ရုံးက ၃ ထပ်လုံးမှာရှိတဲ့ ပစ္စည်းတွေ အခိုးခံရတာ ခုဆို အခွံပဲရှိတော့တယ်။ အဲဒီရုံးက ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတာ အဲကွန်းတွေပါ ဖြုတ်ခိုးတာခံရတာ ခုခေတ်ပေါက်ဈေးနဲ့ဆို အားလုံး သိန်း ၂၅၀၀ လောက်ရှိမယ်၏ ပျောက်နေတဲ့ ပစ္စည်းတွေက”လို့ ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေထဲမှာ ကွန်ပျူတာ၊ တီဗွီ၊ ဆောင်းဘောက်၊ အသံချဲ့စက်၊ ရေအေးပေးစက်နဲ့ ရုံးမှာ တပ်ဆင်ထားတဲ့ အဲကွန်း ၁၁ လုံး စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 

အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်ရုံးမှာ စစ်တပ် ဝင်ရောက်တပ်စွဲပြီး နောက်ပိုင်း အောက်တိုဘာ ၂၉ ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

//
More News
Up