
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနဲ့ ၁၁ ထပ် ဟိုတယ်အနီးမှာ ဇန်နဝါရီ ၁၆ ရက် မနက် ၉ နာရီကစပြီး ညနေ ၅ နာရီ ခွဲအထိ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၂၀ ထိခိုက်ကျဆုံးနိုင်တယ်လို့ KNDF ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ပါတယ်။

အလားတူ မွန်းလွဲ ၂ နာရီလောက်မှာလည်း ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေကို KNDF တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်မှ အထပ်မြင့်အဆောက်အအုံနဲ့ နည်းပညာတက္ကသိုလ်တို့ကို အကာအကွယ်ယူပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် PDF ပူးပေါင်းတပ်တွေနဲ့အတူ KNDF တို့က ခုခံ တိုက်ခိုက်ခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ထိခိုက်မှုများပြားခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းပစ်ကူသုံးပြီး ညနေ ၅ နာရီ ၂၅ မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားရာ မိုင်းလုံးရပ်ကွက်ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဇန်နဝါရီ ၁၆ ရက် ညနေ ၅ နာရီခွဲလောက်မှာလည်း ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်လို့ ပရဟိတလူငယ် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။