မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အိုးဘိုအကျဉ်းထောင် မြောက်ဘက်မှာ ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
လက်ပစ်ဗုံးကို အုတ်တံတိုင်းကျော်ပြီး ပစ်သွားတာဖြစ်ကာ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဗုံးပေါက်သံ ကြားလိုက်တယ်။ အထဲလား အပြင်လား သေသေချာချာ မသိလိုက်ဘူး။ နောက်ပြီး သေနတ်သံတွေလည်း ကြားလိုက်တယ်” လို့ အိုးဘိုထောင်အနီးပတ်ဝန်းကျင်မှာ နေထိုင်သူ တစ်ဦးက ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေဟာ လုံခြုံရေးတာဝန်ကျဒုအရာခံဗိုလ်တယောက် တပ်ကြပ်တယောက်နဲ့ အကျဉ်းဦးစီးဌာနက တပ်သားတယောက်တို့ ဖြစ်ကြပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ သိရပါတယ်။