ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာရှလမ်းမကြီးအနီးက သင်္ဃန်းညီနောင်နယ်မြေရဲစခန်းကို အမည်မိလက်နက်ကိုင်အဖွဲ့က RPG နဲ့ ၁ ချက် လာရောက်ပစ်ခတ်သလို ရဲစခန်းအတွင်းကနေ လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်သံတွေပါ ကြားရတယ်လို ဆိုပါတယ်။
သင်္ဃန်းညီနောင်ကျေးရွာသားတစ်ဦးက "ည ၈ နာရီလောက်က ပွဲခင်းဘက်ကို သွားနေရင်း လက်နက်ကြီး ပစ်သံ ၁ ချက်ကြားတယ်။ မကြာဘူး လက်နက်ငယ်သံတွေပါကြားရတယ်။ ပွဲခင်းထဲရောက်မှ ရဲစခန်းအပစ်ခံရတယ်ဆိုတာ သိတယ်။ ဒီလိုပစ်ခတ်သံတွေက မကြာခဏကြာနေရတော့ ရိုးနေပြီ။ ပွဲတောင်မပျက်ဘူး” လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာ ရဲစခန်းအနီးမှာ စစ်ကောင်စီတပ်၊ BGF နဲ့ ရဲတွေက ငွေကြေးကောက်ခံပြီး လောင်းကစားဝိုင်းတွေကို ပြုလုပ်ခွင့်ပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီက အရေးပေါ်ကာလ လုံခြုံရေးအကြောင်းပြချက်နဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ည ၁၀ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ကရင်ပြည်နယ်နေ့ အပါအဝင် ပွဲတော်တွေကို လူစည်းကားစွာကျင်းပနိုင်ဖို့ လောင်ကစားဝိုင်းတွေကို ငွေကြေးရယူပြီး ခွင့်ပြုထားပါတယ်။