Live
Home
ဆောင်းပါး
“မပြီးသေးဘူး ... ငါတို့အလှည့် ကျန်သေးတယ်” (၁၄)
DVB
·
January 16, 2022

နွေဦးကို တကျော့ပြန်ရောက်ဖို့အချိန်တွေ နီးကပ်လာတာနဲ့ ကျနော်တို့ ဖြတ်သန်းနေရတဲ့ စစ်နဲ့တော်လှန်ရေးဟာ မကြာခင် တစ်နှစ်တင်းတင်း ပြည့်တော့မှာပါလားလို့ လူတိုင်းတွေးမိကြပါမှာ။ ပြီးခဲ့တဲ့တစ်နှစ်တာကာလမှာ ဘယ်ပြည်သူတွေကများ ခေါင်းပြားအောင် အိပ်စက်နိုင်ခဲ့ကြလို့လဲ။ ကျနော်တို့ဟာ အစာအာဟာရထက် စိတ်ဓါတ်ခွန်အားတွေကို စားသုံးပြီး အားမာန်တွေတင်း ဖြတ်သန်းခဲ့ကြတာဆိုတော့ ကျနော်တို့အားလုံးရဲ့ စိတ်တွေက တက်လိုက်၊ ကျလိုက်နဲ့ ကြာတော့ စိတ်ဒဏ်ရာဒဏ်ချက်တွေရဲ့ အထုအထောင်းတွေနဲ့ ချာချာလည်နေကြရတယ်။

ကျနော်တို့လူသားတွေက ရုပ်အပါအဝင် စိတ်ခံစားချက်တွေနဲ့တည်ဆောက်ထားတဲ့ သက်ရှိတွေဆိုတော့ စိတ်ရဲ့အခြေအနေတွေပေါ်လိုက်ပြီး ပြင်ပကမ္ဘာကို ထိတွေ့ဆက်ဆံရပါတယ်။ ဓမ္မသဘောအရ စိတ်နဲ့ရုပ်က တစ်ခုနဲ့တစ်ခုအမှီပြုနေပြီး စိတ်ရဲ့မောင်းနှင်အားက အခရာကျပါတယ်။ တစ်ခါတစ်လေ ကိုဗစ်ဒဏ်ကြောင့် ကိုယ်ရောစိတ်ပါ အကျဉ်းကျခဲ့ရတဲ့ တစ်နှစ်နဲ့ ရန်သူဖက်ဆစ်တွေရဲ့အာဏာသိမ်းမှုကြောင့် ရင်ဆိုင်ရတဲ့ ဒုက္ခတွေပေါင်းလိုက်ရင် ပြီးခဲ့တဲ့ ၂၄ လတာကာဟာ လူသားတစ်ယောက်ချင်းစီအတွက် စိတ်သောကတွေများခဲ့ရတဲ့ ကာလရှည်ကြီးလို့ ဆိုနိုင်တာပေါ့။ ကျနော်တို့အချင်းချင်းတွေ့တိုင်း အားတင်းထားပါ၊ မကြာခင် ပွဲပြီးတော့မှာပါလို့ အားပေးစကားပြောကြရတယ်။ ဒီကနေ့ ဖြတ်သန်းနေရတဲ့ စစ်နဲ့တော်လှန်ရေးကို ကျနော်တို့က “ပွဲ”တစ်ခုလို့ သတ်မှတ်တယ်။ ပွဲတစ်ပွဲဟာ အချိန်ကာလအားဖြင့် တိုတောင်းတဲ့ဖြစ်ရပ်တစ်ခုပေါ့။ ပွဲသိမ်းရတော့မယ့်အချိန်ရောက်နေပြီမို့ စိတ်တွေတင်းထားကြဖို့ အချင်းချင်း ဖေးမကြရတယ်။

ကျနော်တို့ဟာ နေ့စဉ် ဆိုရှယ်မီဒီယာတွေပေါ်က သတင်းတွေ၊ အကြောင်းအရာတွေကို ပုံမှန်စားသုံးကြရတဲ့ ခေတ်ဆိုတော့ ကျနော်တို့စိတ်အားတက်စေမယ့် မိုတီရစေမယ့်သတင်းတွေကို နည်းနည်းချင်းစီ စားသုံးတဲ့အကျင့်က ပါလာတယ်။ ဒီနေ့ ရန်သူ ၁၀၀ သေရင် မိုတီတက်သွားပြီ။ နောက်နေ့ တစ်ရာထက် မကျော်ရင် အဆင်မပြေတော့ဘူး။ နောက်ဆုံးရခဲ့တဲ့ မိုတီထက်ပိုအားကောင်းတဲ့ သတင်းတွေမရရင် စိတ်တွေက ဟိုးအောက်ကို ဒုန်းဆင်းပြေးသွားတော့တာ။ ဆိုလိုတာက ကျနော်တို့ဟာ မိုတီတွေကို မူးယစ်ဆေးစွဲသလို စွဲနေပြီ။ ဆေးမတိုးတော့တာမို့ မိုတီအလွန်အကျွံကိုရှာပြီး စိတ်ကိုအားပေးနေရတဲ့အဆင့် ရောက်ကြရပြီဆိုတော့ ကျနော်တို့အားလုံးရဲ့ စိတ်ဒဏ်ရာတွေဟာ ဘယ်လောက်တောင် ကြေမွနေပြီလဲဆိုတာ မြင်ကြည့်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာမှာ နေ့စဉ်မြေပြင်မှာဖြစ်ပျက်နေတဲ့ သတင်းတွေ၊ အချက်အလက်တွေထက် ကျနော်တို့ဟာ စိတ်ဒဏ်ရာတွေသက်သာအောင် မျှော်လင့်ချက်အတုတွေပါတဲ့၊ အမှန်သတင်းနဲ့ မျှော်လင့်ချက်အတုတွေ ရောပြွန်းထားတဲ့ ဓာတ်စာတွေကို အလွန်အကျွံစားသုံးမိနေပြီဆိုရင်တော့ စိတ်တွေဟာ ချက်ချင်း အချဉ်ပေါက်လွယ်တယ်၊ ပေါက်ကွဲလွယ်တယ်၊ ထိန်းချုပ်ရပိုခက်လာပါတယ်။ မျှော်လင့်ချက်အတုလို့ ဆိုရာမှာ လူတိုင်းက တစ်ယောက်ချင်းစီရဲ့အမြင်တွေကို ရောပြွန်းပြီးရေးတဲ့အခါမှာ အချက်အလက်ကို မစိစစ်နိုင်တော့ဘူး။ နောက်တစ်ခုက ကျနော်တို့က လူမှုရေးသတ္တဝါတွေဆိုတော့ စစ်ပွဲသတင်းအပြင် ဆယ်လီတွေရဲ့ ခါးအောက်ပိုင်းဇာတ်လမ်းတွေကိုလည်း လက်လွတ်မခံကြသလို ကုန်‌ဈေးနှုန်းနဲ့ အချက်အပြုတ်ကိုလည်း အာရုံစိုက်ရတယ်။ ဘာသာရေးနဲ့အတူ အခြားသော သင်သိပါသလား ... ဆိုတဲ့ အကြောင်းအရာမျိုးစုံကို စားသုံးနေရတာဆိုတော့ ကျနော်တို့စိတ်တွေက ဒယဉ့်တိုက်ရတာ များလွန်းတော့ ပင်ပန်းနွမ်းနယ်နေပြီပေါ့။ 

စစ်ပြေးဒုက္ခသည်တွေဒီလောက်များနေတာ နင်တို့က ခရီးထွက်ပြီး စားသောက်နေတဲ့ပုံတွေ တင်နေကြတုန်းလားလို့ လှမ်းအော်လိုက်၊ တော်လှန်ရေးဘက်တော်သားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အခါ စိတ်တွေဟာ ထိခိုက်နာကျင်သွားလိုက်နဲ့ ကျနော်တို့စိတ်တွေကို ကျနော်တို့ ခဏလောက်ဖြစ်ဖြစ် ပြန်ကြည့်မိတဲ့အခါ အကြောင်းအရာတစ်ခုတည်းကိုပဲ သေသေချာချာ အာရုံစူးစိုက်နိုင်ဖို့က ခက်ခဲနေတာ တွေ့ရပါမယ်။ ဒီလိုနဲ့ ကျနော်တို့ဟာ နွေဦးကို နောက်တစ်ကြိမ်ပြန်ဆုံရတော့မှာပါလားလို့ တွေးမိတဲ့အခါ “ဒီပွဲကြီး ဇာတ်မျောဖြစ်သွားရင်တော့ ... ငါတို့ဘဝတွေသွားပါပြီ”လို့ ကြောက်လန့်သွားပါတယ်။ ကျနော်တို့ဟာ အပူဓာတ် ဖြည်းဖြည်းချင်းပေးခံနေရတဲ့ ရေထဲက ဖားတွေလိုဖြစ်နေတာပေါ့။ တငွေ့ငွေ့ပူလာလိုက် ပုံမှန်ပြန်ဖြစ်သွားလိုက်၊ ပြီးတော့ နောက်တစ်ရစ်တိုးပူလာလိုက် ပုံမှန်ပြန်ဖြစ်သွားလိုက်နဲ့ ရေဆူမှတ်နားကိုရောက်ခါနီးအထိ ခုန်မထွက်မိတဲ့ဘဝမျိုးပေါ့။ 

ဘာ့ကြောင့် ဒီအကြောင်းတွေကို တကူးတကရေးနေရလဲဆိုတော့ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းနေရတာ တစ်နှစ်နီးပါးရောက်လာတဲ့အချိန်မှာ ကျနော်တို့ရဲ့စိတ်တွေဟာ ပြိုလဲကျမသွားအောင် မနည်းကြီး အားတင်းထားရပါလားဆိုတာ ပြန်မြင်ယောင်ကြည့်ဖို့နဲ့ မိုတီတက်စေမယ့် မျှော်လင့်ချက်အတုတွေ စားသုံးတာ သိပ်များသွားလို့ စိတ်တွေအတက်အကျမြန်နေတာကို ရပ်တန်းကရပ်ပြီး ပကတိအခြေအနေတွေနဲ့ ရှင်သန်ဖြတ်သန်းကြစေလိုတာမို့ပါ။ 

လက်တွေ့အမှန်တရားကို ကျနော်တို့ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး တကယ်ဖြစ်ပျက် နေတာတွေကို လေ့လာကြည့်တဲ့အခါ ကျနော်တို့ဟာ ရန်သူနဲ့တိုက်နေရတဲ့ စစ်ပွဲမှာ ဘယ်အနေအထား ရောက်နေပြီလဲဆိုတာ မျက်ခြေပြတ်လို့မရပါဘူး။ စစ်နဲ့တော်လှန်ရေးကို ချိန်ထိုးလေ့လာ သုံးသပ်တဲ့အခါမှာလည်း စစ်နဲ့အတူပါလာတဲ့ ဒုက္ခတွေကိုလည်း ခါးစည်းခံနိုင်တဲ့ ခံနိုင်ရည်ရှိဖို့ ‌လေ့ကျင့်ရပါတယ်။ 

ကျေးလက်ပြည်သူတွေကို ရန်သူက လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ရာကနေ မြို့ပေါ်ကိုပါ ပစ်ခတ်တိုက်ခိုက် လာတဲ့အခါ ကျေးလက်နဲ့မြို့ကြီးတွေကို စွန့်ခွါထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီ သိန်းနဲ့ချီ ရှိလာပါတယ်။ သတင်းဌာနတွေကလည်း ဒီအဖြစ်အပျက်တွေကို ဦးစားပေးရေးပါတယ်။ စစ်ပြေးရတဲ့သူတွေရဲ့ ပြောပြချက်တွေကို ကြားရတဲ့အခါ စိတ်တွေနာကျင်ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့တော့ ကျနော်တို့ဟာ ရန်သူနဲ့ရင်ဆိုင်နေရတဲ့ စစ်ပွဲမှာ ရှုံးနေပြီလို့ ဆွဲတွေးတာကတော့ မှားပါတယ်။ ပြီးခဲ့တဲ့ ၃-၄လအတွင်း အထက်အညာဒေသနဲ့ ချင်းတောင်တန်းကပြည်သူ သိန်းနဲ့ချီပြီး အခုထိကျေးရွာတွေကိုစွန့်ခွါပြီး စစ်ပြေးနေရဆဲပါ။ ပြည်သူရှိရင် PDF ရှိတယ်ဆိုတာကြောင့် ပြည်သူကိုများများဒုက္ခရောက်အောင် လုပ်လေလေ တော်လှန်ရေးအင်အားစုတွေ လူထုထောက်ခံမှုကျဆင်းပြီး မြန်မြန်ပြိုကွဲ ပျက်စီးလေလေလို့ ရန်သူက နားလည်ပြီး ပြည်သူကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ပါတယ်။ နိုင်ငံတကာကိုလည်း ကူပါကယ်ပါ အော်ဟစ် တောင်းကြတယ်။ နိုင်ငံတကာက တကယ်ကိုစိတ်ပါလက်ပါ ဝင်ကူညီမှတော့ ကျနော်တို့ဟာ တစ်နှစ်တာ ကာလကို ဒီလိုဖြတ်သန်းခဲ့ရမှာမဟုတ်ပါဘူး။ ကိုယ့်အချင်းအချင်း ဖေးမကူညီနေကြလို့သာ ဒီအခြေအနေကို ရောက်လာခဲ့ကြတာပါ။ 

တော်လှန်ရေးမှာ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာ၊ ထွက်ပြေးရတာ စတဲ့ အဖိုးတန်ဘဝတွေအများကြီးကို အလျော်အစားလုပ်ပြီး စစ်ကိုတိုက်နေရတဲ့အချိန်မှာ ဒီကနေ့စစ်ပွဲကြီးမှာ တော်လှန်ရေးအင်အားစုဘက်က ဒီရေလှိုင်းတွေက တစ်လုံးပြီးတစ်လုံး တက်လာနေတဲ့အရှိန်ကိုပဲ မြင်ရပါတယ်။ ဒါ့ကြောင့် ICG International Crisis Group က မြန်မာပြည်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကိစ္စတွေ လျှောက်လုပ်မနေကြနဲ့တော့။ အလုပ်မဖြစ်တော့ဘူး။ စစ်ပြေးဒုက္ခသည်ပြည်သူတွေကို ဝိုင်းကူကြ၊ ဒီစစ်ပွဲတွေက ရပ်သွားဖို့မရှိတော့ဘူးလို့ ဒီအချိန်မှာ ထပြောလာရတယ်။ နိုင်ငံတကာမှာရော ဒေသတွင်းမှာပါ အာဏာသိမ်းဖက်ဆစ်စစ်တပ်က တရားဝင်မှုကို လုံးဝမရနိုင်တော့တာကို သိသွားပြီ၊ ဒါ့ကြောင့် သူ့ကို အစိုးရအဖြစ် တရားဝင်အောင်လုပ်ပေးဖို့ အချိန်ကုန်မခံတော့ဘူး။ သူ့ကို တကယ်ခြိမ်းခြောက်နေတဲ့ စစ်အင်အားတွေကို တိုက်ထုတ်ဖို့ကိုပဲ အဓိကထားတော့တယ်။ 

ဒီတော့ စစ်အင်အားတွေ တစ်နိုင်ငံလုံးအနှံ့ရှိနေတဲ့ အနေအထားမှာ PDF ကိုပဲ ဦးတည်ချေမှုန်းမယ်။ ကျန်တဲ့ EAOs တွေကို စစ်မတိုက်နိုင်အောင် ထိန်းချုပ်မယ်လို့ စဉ်းစားတယ်။ ရန်သူဟာ ဖေဖော်ဝါရီနဲ့ မတ်လမှာ ပြည်လုံးကျွတ်သပိတ်တိုက်ပွဲကြီးတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ထားခဲ့သလား။ မမျှော်လင့်ခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။ တစ်နိုင်ငံလုံးအနှံ့ PDF တပ်ဖွဲ့ဝင်တွေပေါ်လာပြီး သူ့ကိုကိုင်လှုပ်တော့မယ်လို့ မျှော်လင့်ထားခဲ့သလား။ မမျှော်လင့်ခဲ့ဘူးလို့ ဝန်ခံခဲ့ပြီ။ PDF တွေနဲ့အတူ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ တအောင်း၊ ပအိုဝ်း၊ ကရင်၊ ကရင်နီ၊ မွန်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ညီညွတ်စွာပူးပေါင်းမိပြီး ဖက်ဆစ်ရန်သူကို အပြီးတိုင် တိုက်ထုတ်ကြမယ်လို့ မျှော်လင့်ထားသလား။ ဒီအခြေအနေဟာ သူ့အသက်နဲ့ခန္ဓာမြဲမှာမဟုတ်လို့ မမျှော်လင့်ရဲဘူးလို့ပဲ ဖြေရမှာပါ။

ဒါဆို ရန်သူမမျှော်လင့်တာ၊ မမျှော်လင့်ရဲတာတွေအားလုံး လက်တွေ့ဖြစ်လာနေပြီဆိုတော့ ကျနော်တို့တွေဟာ နွေဦးတော်လှန်ရေး အောင်ပွဲမဆင်ဘူးလို့ ဘာကြောင့်များ သောကတွေ များနေရမှာလဲ။ အောင်မှာ သေချာပါတယ်၊ ဒါပေမဲ့ ဘယ်တော့ချကြမလဲလို့ မေးကြမှာပါ။ လက်တွေ့မြေပြင်မှာချနေတဲ့ တော်လှန်ရေး တပ်သားတွေက ကျနော်တို့ချနေကြတာ ကြာပြီလေလို့ ပြန်ဖြေမှာပါ။ မဟုတ်ဘူး။ ပွဲကဘယ်တော့သိမ်းမလဲ၊ ဘယ်လောက်ဆက်တောင့်ခံထားရဦးမလဲ သိချင်တာပါလို့ ဆိုရင်တော့ ကျနော်တို့ ဇာတ်ရှိန်မြင့်တဲ့အခန်းကို ရောက်တော့မယ်၊ မကြာခင်ဇာတ်သိမ်းတော့မှာပါလို့ ဖြေရမှာပါ။ ခင်ဗျားကလည်း ဟုတ်မှဟုတ်ပါ့မလား ... လေယာဉ်တွေနဲ့ဒီလောက်ချနေတာ ...။ 

ဒါဆို ကျနော်တို့တွေ တကယ်သိချင်နေကြတာ ဘာလဲလို့ ပြန်မေးရတော့မယ်။ ဘယ်နေ့ဘယ်ရက်မှာ စစ်အင်အားဘယ်လောက်၊ လက်နက်ဘယ်လောက်နဲ့ ဘယ်နေရာကိုတိုက်မှာလဲ၊ စစ်ဗျူဟာကြီးတစ်ခုလုံးက ဘာလဲလို့ သိချင်နေကြတာလား။ ကျနော်တို့ ဘဝတွေနဲ့ရင်းထားရတဲ့ပွဲ အရှုံးမခံနိုင်လို့ပါ။ ကျနော်တို့စိတ်တွေက မိုတီတွေ ဘယ်လောက်တောင် လိုနေသလဲဆိုတာ ပြန်စဉ်းစားမိစေချင်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ မူးယစ်ဆေးပါတဲ့ Painkiller ကို ပုံမှန်သုံးစွဲရင်း ဆေးလွန်သွားသလိုမျိုး ကျနော်တို့ရဲ့ မိုတီတွေ Overdose ဖြစ်လာတဲ့အခြေအနေပဲလို့သာ ဆိုရမှာပါ။ ဟုတ်ပြီဗျာ ... အသေးစိတ်အစီအစဉ်တွေက ဒါတွေ၊ ဒါတွေဆိုပြီး သိသွားရင်ကော ... ကျနော်တို့တွေ စိတ်ကျေနပ်သွားကြမှာလား။ မကျေနပ်နိုင်သေးပါဘူး။ ကျနော်တို့စိတ်တွေက မိုတီတွေလိုနေသေးတာမို့ ဘယ်အခြေအနေမှာ ကျနော်တို့စိတ်တွေ အနယ်ထိုင်တည်ငြိမ်သွားမလဲဆိုတာကို မသိနိုင်တော့ဘူးဖြစ်နေပါတယ်။ 

ဒါ့ကြောင့် မိုတီအတုတွေဖြစ်စေမယ့်စာမျိုး မရေးမိဖို့ ကျနော်အတတ်နိုင်ဆုံး ကြိုးစားတယ်။ စိတ်ခွန်အားဖြစ်စေရမယ်၊ ဒါပေမဲ့ မျှော်လင့်အတုမပါစေရဘူး၊ ကျနော်ကိုယ်တိုင်နားမလည်တဲ့ကိစ္စကို မတင်ပြဘူး။ ကျနော်မသိတဲ့အချက်တွေကို စိတ်ကူးယဉ်ပြီး မပြောဘူးလို့ ကိုယ့်ကိုကိုယ်ဆုံးမပြီး ကျနော့်အမြင်တွေကို ရိုးသားစွာပဲ တင်ပြပါတယ်။

လာမယ့်နွေဦးဟာ ကျနော်တို့အောင်ပွဲခံရမယ်ဆိုတာ သေချာသလို ကျနော်တို့ဘက်ကလည်း ပေးဆပ်ရတဲ့ဆုံးရှုံးမှုတွေက သိပ်ကိုများမှာပါ။ ဒီခရီးကို ကျနော်တို့ ဘယ်လိုစိတ်ခွန်အားတွေမွေးပြီး ဖြတ်သန်းကြမလဲ။ ရန်သူက Bunker Mentality ဆိုတဲ့အတိုင်း သေသေကျေကျေ တိုက်ဖို့ စိတ်ဒုံးဒုံးချလိုက်ကြပြီ။ ဒီပွဲမှာသူတို့ရှုံးရင် သူတို့က အသက်တွေတင်မက နေဝင်းထူထောင်ခဲ့တဲ့ ဖက်ဆစ်တပ်ကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားမှာသိတယ်။ သမိုင်းရဲ့အမှိုက်ပုံထဲကို ရောက်သွားမှာသိတယ်။ 

ကျနော်တို့ဘက် ဘယ်လိုစိတ်ခွန်အားတွေနဲ့ ဒီလမ်းကိုလျှောက်ခဲ့ကြသလဲလို့ ပြန်ကြည့်လိုက်ရင် ကျနော်တို့တိုင်းပြည်ရဲ့သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ အမျိုးသားညီညွတ်မှုကြီး တစ်နှစ်အတွင်းမှာ ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ပြီဆိုတာ တွေ့ရပါမယ်။ လူမျိုးပေါင်းစုံရဲ့ အမျိုးသားလွတ်မြောက်မှုတိုက်ပွဲမှာ ကျနော်တို့ဘာ့ကြောင့်မရှုံးနိုင်တာလဲလို့ စဉ်းစားဆင်ခြင်ရင်း ... နွေဦးရဲ့ခေါ်သံတွေကို ကြားရဖို့ နားစွင့်ထားစေချင်ပါတယ်။ နွေဦးကြွချီလာသံ ကျနော်တို့ကြားရခါနီးပါပြီ ....။   ။

နေသန်မောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024