စစ်ကောင်စီတပ်က မြင်းခြံ PDF တပ်ခွဲကို ဝင်ရောက်မီးရှို့သဖြင့် တိုက်ပွဲဖြစ်ပွား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက်မှာ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ PDFအဖွဲ့က ပြောပါတယ်။

မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ် MG.6  တပ်ခွဲ (၁) ကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၁ ရက်နေ့ကတည်းက မြင်းခြံနဲ့ ရေစကြိုမြို့နယ်စပ်မှာရှိတဲ့ ရေလယ်ကျွန်းကျေးရွာတွေကို အင်အား ၆၀ ကျော်လောက်နဲ့ စစ်ကြောင်းရောက်ရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ကျေးရွာတွေအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတွေကို မြင်းခြံ MG.6 ပြောက်ကျားတပ်နဲ့ ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာက PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားထိခိုက်သေဆုံးခဲ့ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MG.6 တပ်ဖွဲ့က သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ရေလယ်ကျွန်ကျေးရွာတွေထဲက နေအိမ်တွေနဲ့ ဆိုင်ကယ်တွေကို မီးပုံရှို့သွားကြတယ်လို့ ကျေးရွာဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေထဲက ကြက်ဝက်တွေကိုလည်း သတ်စားသွားပြီး အိမ်ထဲက တန်ဖိုးကြီး ပစ္စည်းအားလုံးကိုလည်း မွှေနှောကေယူဆောင်သွားကြတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ 

“ရွာထဲက အိမ်ထဲမှာ ဝင်အိပ်သွားကြတယ်။ စောင်နဲ့ ခေါင်းအုံးတွေ ယူပြီးအိပ်သွားကြတယ်။ ဟင်းတွေလည်း ချက်စားသွားကြတာ ထမင်းကျန် ဟင်းကျန်တွေ ရောကျန်ခဲ့တာပေါ့။ အကုန်လုံးကို မွှေနှောက် ဖျက်စီး မူးရူးသောက်စားသွားတာပါ၊ ဘီယာဘူးခွံတွေရော အကုန်လုံးထွက်ပြေးနေကြရတော့ သူတို့ကရွာထဲမှာ ဝင်မွှေတာပေါ့ဟယ်။ ဒီနေ့မှ ငါတို့လည်း အိမ်ကိုပြန်လာတော့မှ အဲ့ဒါတွေ မြင်တာပဲ၊ အိမ်ထဲမှာ ဘာမှမကျန်တော့ဘူး ဘီရိုတွေရော အကုန်မှောက်လှန်ထားတာ။ ဆိုင်ကယ်တွေကိုလည်း မီးပုံရှို့သွားတာ ဘာမှကို ရစရာမရှိတော့ပါဘူး။ သူတို့လာမှာကိုကြောက်နေရတာ၊ သူတို့ဘယ်နားရောက်ပြီလဲ လာပြီလားနဲ့ နားစွန့်နေရတာ လာမယ်ဆိုတာနဲ့ ပြေးရတာပါ။ မနေ့ကလည်း လက်နက်ကြီးတွေနဲ့ထုပြီးတော့ မီးတွေရှို့နဲ့” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်က ရွာထဲက  ထော်လာဂျီနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့မှုတွေလည်း မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပြီး တန်ဖိုးကြီး ယောကျ်ားစီး ဆိုင်ကယ်တွေကို အများဆုံး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရေလယ်ကျွန်းကျေးရွာကစစ်ဘေးရှောင်ပြည်သူတွေဟာ မိမိအိမ်တွေကို ပြန်လာကြည့်တဲ့အခါမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားပြီး တန်ဖိုးကြီးပစ္စည်းတွေ မွှေနှောက် ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။ မြင်းခြံမြို့နဲ့ ရေစကြိုမြို့ဟာ မြို့နယ်ချင်း ထိစပ်နေတဲ့ မြို့တွေဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up