စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာရှိ နေအိမ် ၁၃ လုံးကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီလောက် မီးရှို့သွားတယ်လို့ ဒေသခံရွာသားတွေထံကနေ သိရပါတယ်။
ဆွဲလဲအိုကျေးရွာကိုမီးရှို့တာတွေ လုပ်ဆောင်ခဲတဲ့စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ်ကနေလာတဲ့ တပ်ဖြစ်ပြီး မီးလောင်ခဲ့တဲ့နေအိမ်တွေဟာ CDM ပြုလုပ်ထားတဲ့သူအများစုရဲ့ နေအိမ်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆွဲလဲအိုကျေးရွာသားတစ်ဦးက “ကျနော်တို့ မြောင်မြို့နယ်။ ဆွဲလဲအိုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့လို့ အိမ် ၁၃ လုံး ၊ဝက် ၂ ကောင်၊ နွားတစ်ကောင်၊ ကွန်ဒေါင်းထွန်စက်တစ်စီး ၊ဆန်၊ ပဲတွေနဲ့ ဆိုင်ကယ်၂စီးမီးလောင်ခဲ့တယ်ဗျ။ ဒါကျနော်တို့ သီးသန့်ပြုစုထားတဲ့စာရင်းပါဗျ။ တခြားပျက်စီးတဲ့ အသေးအမွှားလေးတွေ၊ နွားစာတဲတွေဘာမှထည့်မထားသေးဘူးဗျ။ ဒုက္ခတော့ ကျေးရွာသားတွေ အကုန်လုံး ရောက်ရတာပေါ့” လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၂ ရက်ကလည်း နဘက်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
အဆိုပါ ကျေးရွာမှာ မီးရှို့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။