ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့က အကျဉ်းထောင်က အကျဉ်းသားတယောက် ထွက်ပြေး လွတ်မြောက်သွားပြီး ၄ ရက်ကြာတဲ့အထိ ပြန်ဖမ်းမမိသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားဟာ ထောင်ပိုင်ကြီး ဦးမျိုးဇော်ထွန်းရဲ့ နေအိမ်မှာ သန့်ရှင်းရေးလုပ်ဖို့ စေခိုင်းထားချိန်မှာ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ ပြောပါတယ်။
“သူက ခိုးမှုနဲ့ထောင်ကျတာ ဟင်္သာတထောင်ကနေ ဖျာပုံထောင်ရောက်လာတာ လွတ်ဖို့ကတော့ သိပ်မလိုတော့ဘူး ထောင်ပိုင်အိမ်မှာသန့်ရှင်းရေးလုပ်ခိုင်းထားတဲ့အချိန်မှာ ပြေးသွားတာ ပြန်တော့ မမီသေးဘူး”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားမှာ ခိုးမှုနဲ့ထောင်ကျထားတဲ့ နိုင်ဦးဆိုသူဖြစ်ပြီး လွတ်ဖို့အတွက် ၁၀ လဝန်းကျင်လိုသေးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်နဲ့ ဖျာပုံစတဲ့ ခရိုင်တွေမှာ အကျဉ်းထောင်တွေရှိပြီး ၂၀၂၂ ခုနှစ်အတွင်း အကျဉ်းသားထွက်ပြေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။