မတူပီ CDF က စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ညနေပိုင်းမှာ မတူပီ CDF က စနိုက်ပါနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ မတူပီ CDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

မတူပီ-ပလက်ဝလမ်း ထယ်ဘွေးတပ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ညနေ ၄ နာရီလောက်မှာ မတူပီ CDF က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ မတူပီ CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က သူတို့ စခန်းကို အင်အားနည်းနည်းနဲ့သွားပြီး အခြေနေစောင့်ကြည့်ကာ အခွင့်အခါကိုကြည့်ပြီး ကျနော်တို့ဆီက လက်ဖြောင့်တပ်သားတွေက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲတယ်။ အဲဒီစခန်းမှာ စစ်ကောင်စီအင်အား ၄၀ ကျော်လောက်ရှိပြီး ကျနော်တို့ တပ်ဖွဲ့အနေနဲ့ ထိပ်တိုက်တိုက်ပွဲ မဖြစ်ခဲ့ရင်တောင် ကြုံရင်ကြုံသလို ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်။”

မတူပီမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၅၀၀၀ နီးပါးလောက်ရှိနေပြီး တဖက်နိုင်ငံကို တိမ်းရှောင်ရတဲ့သူတွေ ရှိနေသလို ဟားခါးလမ်းဘက်မှာလည်း တောထဲတွေမှာ တိမ်းရှောင်နေရတဲ့ သူတွေရှိနေပြီး တစ်ချို့ကလည်း တိုက်ပွဲနဲ့ ဝေးတဲ့နေရာတွေက ဆွေမျိုးတွေဆီမှာ စုပေါင်းနေထိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိက လိုအပ်နေတာဟာ စားနပ်ရိက္ခာဖြစ်ပြီး ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စောင်၊ အနွေးထည်၊ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

“စစ်ဘေးရှောင်စခန်းအနေနဲ့ တရားဝင် သီးခြားဖွင့်ထားတာတော့မရှိဘူးဗျ။ ဒါပေမယ့် ကျေးရွာအလိုက်နဲ့ တောထဲတွေမှာ စုပေါင်းနေထိုင်ကြတာတော့ရှိတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို အကူညီပေးနေတဲ့ အဖွဲ့စည်းတစ်ချို့ ရှိတယ်၊ CDF-မတူပီအနေနဲ့လည်း တတ်နိုင်သလောက်ထောက်ပံ့ပေးနေတယ်” လို့ မတူပီ CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မတူပီမြို့နယ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း မတူပီ-ပလက်ဝ လမ်းပေါ်က ခမရ ၃၀၄ တပ်ရင်းကို မတူပီ CDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up