မြိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ဒေသခံ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၁၁ ရက်နေ့က မြိုင် PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်လောက်သေဆုံး၊ အများအပြားဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့နယ် လက်ယက်မရွာနဲ့ ကန်နီရွာကြားမှာမှာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ မြိုင် PDF တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့တာလို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

“စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တယ်။ ကျနော်တိုဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာ၊ စစ်ကောင်စီတပ်သား ၄ ယောက်လောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်။”

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၄ ကြောင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီး ကျေးရွားတွေကို မွှေနှောက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်မြို့နယ် PDF ကလည်း စစ်ကူလာရောက်ပြီး တိုက်ခိုက်ပေးခဲ့တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီတပ်တွေဟာ လက်ယက်မကျေးရွာက ဒေသခံ ပြည်သူ ၃၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီးတော့ သူတို့တပ်စွဲထားတဲ့ ကျောင်းထဲမှာခေါ်ထားတယ်ဗျ။ မနက်ဖြန်မနက်ကိုလည်း တခြားရွာတွေကို သွားပြီးမွှေနှောက်မယ်လို့ သိရတယ်။ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အင်အားကာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ နီးပါးလောက်ရှိတယ်”  မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က နေအိမ်တွေကို မွှေနှောက်ဖျက်‌ဆီးခဲ့သလို ရွာအပေါ်မှာလည်း ဒရုန်း ၄ စင်း လွှင့်တင်ထားတာကြောင့် ပြည်သူ ၄၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကိုင်းရိုးရွာက အမျိုးသမီး ၁၀ ယောက်နဲ့ မကျီးစုရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ အယောက် ၂၀ ကိုပါ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေကို မြိုင် PDF က မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရရှိသွားတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီနဲ့  မြိုင် PDF က သတင်းမထုတ်ပြန်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up