မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ဘီလီယံ ၅၀ အထိတိုးရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
DVB
·
January 31, 2014

မြန်မာနဲ့ အိန္ဒိယကုန်သွယ်မှုကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျပ်ငွေ ၅၀ ဘီလီယံဖိုးအထိ တိုးတက်ဆောင်ရွက်ကြဖို့ နယ်စပ်ကုန်သည်တွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် နယ်စပ် ကုန်သည်ကြီးများနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ သူက တိုက်တွန်းလိုက်တာလို့ နယ်စပ်ကုန်သည် ဦးကြည်ဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
အစိုးရရဲ့ ကုန်သွယ်မှုစာရင်းဇယားတွေအရ အခု ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်မှု ပမာဏ ကျပ်ငွေ ၂၅ ဘီလီယံ လျာထားပြီး လက်ရှိအချိန်ထိ ကျပ်ငွေ ဘီလီယံ ၂၀ ကျော်နေပြီလို့
ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
မြန်မာ - အိန္ဒိယနယ်စပ်ဘက်မှာလည်း အခြားနယ်စပ်ဘက်တွေလို မှောင်ခို ကုန်သွယ်မှု ပမာဏက များတဲ့အတွက် တကယ့် ကုန်သွယ်မှု ပမာဏအမှန်ကို သိဖို့ ခက်ခဲတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အဲဒီ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
