Home
မြန်မာသတင်း
ပေါင်းတည်မြို့တွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၂ ဦး သေ
DVB
·
January 10, 2022

ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ  ဇန်နဝါရီ ၁၀ ရက်မနက် ၃ နာရီလောက်က  စစ်ကောင်စီတပ်သားအချင်းချင်း ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်လို့ တပ်သား  ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အချင်းချင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ယောက် နေရာမှာတင်သေဆုံးပြီး နောက်တယောက်က ဆေးရုံရောက်မှ သေဆုံးသွားတာလို့ အခင်းဖြစ်ပွားရာ အနီးအနားမှာရှိနေသူ တယောက်က ပြောပါတယ်။ 

ဒေသခံတယောက်က “မနက်က ဈေးသည်တယောက်ပဲ၊ စစ်သားတယောက်က မူးနေတာ ရပ်ဆိုတော့ ဘယ်ရပ်မလဲ မောင်းပြေးတာပေါ့။ အဲ့ဒါကို သူကလှမ်းပစ်တာ၊ အဲဒီမှာ နောက်စစ်သားတယောက်က ဘာလို့လျှောက်ပစ်တာလဲဆိုပြီး ရန်ဖြစ်ကြတာ။ နောက် သူတို့အချင်းချင်း ခွဲလို့မရတော့ဘဲ သေနတ်တွေနဲ့ သူတပြန် ကိုယ်တပြန်ပစ်ကြတာ တယောက်ကတော့ နေရာမှာပဲ သွေးအိုင်ထဲလဲပြီး ပွဲချင်းပြီး သေတာ။ နောက်တယောက်ကတော့ ပြည်ခုတင် ၁၀၀ စစ်ဆေးရုံရောက်မှ သေတယ်လို့ ကြားတာပဲ”လို့ ပြောပါတယ်။

ဒီနေ့ပစ်ခတ်မှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူတွေလည်းရှိသေးတယ်လို့ ကြားရပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။ ဈေးသည်ကတော့ သေနတ် ထိမှန်တာမရှိဘဲ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ စစ်တပ်ကတော့ ဒေသခံ ၆၆ တပ်မနဲ့ ကပစ တပ်တွေဖြစ်ကာ အချင်းချင်းပစ်ခတ်မှုနဲ့ သေဆုံးသတင်းတွေကို စစ်ကောင်စီက  လိုက်လံပိတ်ပင်နေကာ မြို့တွင်းအဝင်အထွက် တင်းကျပ် စစ်ဆေးနေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့အပတ်လောက်ကမှ ပေါင်းတည်မြို့ ဘုရားကြီးလမ်းပေါ်မှာ ကင်းပုန်းတွေလာထား စခန်းချထားကြပြီး ဈေးဝယ်တွေ ဈေးသည်တွေ အရမ်းရှုပ်တဲ့နေရာမှာ ဖြတ်သန်းသွားလာသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးနေတာကြောင့် ဒေသခံတွေ လုံခြုံမှု မရှိဖြစ်နေတာပါ။  

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ပေါင်းတည်ဘူတာမှာ ရိက္ခာနဲ့ ခဲယမ်းလက်နက် တင်လာတဲ့ ရထားကိုစောင့်တဲ့ စစ်ကောင်စီရဲကင်းကို ပေါင်းတည် PDF အဖွဲ့က ဆွဲမိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့လိူ့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားပြီးကတည်းက ပေါင်းတည်မြို့ နေရာအနှံ့ စစ်ကောင်စီတပ်တွေ ကင်းပုန်းတွေချတာ၊ စစ်ဆေးတာတွေကို တင်းကျပ်စွာပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024