ကရင်နီစစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်၊ NUG က ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ထား

လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီးလိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စားနပ်ရိက္ခာ၊ အရေးပေါ်အသုံးအဆောင်ပစ္စည်း၊ ငွေသားအပါအဝင် ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လိုအပ်ချက်အရ ညှိနှိုင်းဆွေးနွေးပြီး စဉ်ဆက်မပြတ် ဆက်လက်ထောက်ပံ့ပေး နိုင်ရေးအတွက် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ Coordination Team for Emergency Relief (CTER)၊ ကယား(ကရင်နီ) ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့တွေ စတဲ့သက်ဆိုင်ရာမိတ်ဖတ်အဖွဲ့တွေ၊ နယ်မြေခံ ကူညီပံ့ပိုးသူတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် အခြေပြုလက်နက် ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KDF၊ KNDF၊ GZ-21 Loikaw တပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ ပေါ်အထိ တိုက်ပွဲတွေပြင်းထန်လာနေတာပါ။

လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းနဲ့ ရွာတန်းရှည်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

လူဦးရေ သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေ ၁ သိန်းခွဲကျော်က စစ်ဘေးရှောင်နေကြရသလို လက်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့ကပါ စစ် ရှောင်နေရတဲ့အတွက် ကယားပြည်နယ်မှာ ဘေးကင်းလုံခြုံတဲ့နေရာ မရှိတော့တဲ့ အနေအထားနဲ့ ရင်ဆိုင်နေပါတယ်။

ကယားပြည်နယ် တပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လုံခြုံတဲ့နေရာ မရှိတော့တဲ့ အနေအထားမှာ နိုင်ငံတကာအနေနဲ့ Save Zone တခု သတ်မှတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့လည်း ကေအန်ပီပီအထွေထွေအတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောထားပါတယ်။

၂၀၂၂ ခု ဇန်နဝါရီ ၁ ရက်မှ ဒီကနေ့အထိ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ရပ်ကွက်နေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up