ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ပူတာအိုမြိုအခြေစိုက် ပန်းဥယျာဉ်လူမှုကူညီရေးအသင်းကနေ ဦးဆောင်ပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ခေါင်လန်ဖူးမြိုနယ် ရှိန်းခေါင်နဲ့အမတ်ဂျုံဘက်ကို နယ်လှည့်ဆေးကုသပေးဖို့ စီစဉ်ထားပါတယ်။
ခရီးစဉ်က ၁ လခန့်ကြာမြင့်မှာဖြစ်တဲ့အတွက် နယ်လှည့်ဆေးကုသဖို့ စိတ်ဝင်စားတဲ့ စေတနာ့ ဆေးဆရာဝန် ၂ ဦးလိုအပ်နေတယ်လို အသင်းရဲ့တာဝန်ရှိသူက ပြောပါတယ်။
"ဆေးဝါးတွေကိုတော့ စုဆောင်းမိသလောက်တော့ ရှိပါပြီ။ လိုအပ်သေးတဲ့ ဆေးတွေလည်း ရှိပါတယ်။ အရေးပေါ်လိုအပ်နေတာက ၁ လ အချိန်ပေးပြီး ဆေးကုပေးနိုင်မယ့် ဆရာဝန် ၂ ယောက် လိုနေပါတယ်။”
နယ်လှည့်ဆေးကုမယ့် အစီအစဉ်မှာ ပန်းဥယျာဉ်လူမှုကူညီရေးအသင်းက စေတနာ့ဆေးဝန်ထမ်းတွေလည်း ပါဝင်မှာဖြစ်တယ်။
ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့အထိ ကားလမ်း ပေါက်ပြီဖြစ်ပေမဲ့ ခေါင်လန်ဖူးမြိုနယ်အတွင်း ရွာတချို့တွေမှာတော့ လူသွားလမ်းကျဉ်းနဲ့ လား သွားတဲ့လမ်းတွေကိုသာ အသုံးပြုနေရတယ်လို ခေါင်လန်ဖူး ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ပန်းဥယျာဉ်လူမှုကူညီရေးအသင်းကနေ ရှိန်းခေါင်နဲ့အမတ်ဂျုံဒေသ အနီးအနားမှာရှိတဲ့ ရွာတွေကိုသွားရောက် ဆေးကုသဖိုစီစဉ်ထားတာပါ။
နယ်လှည့်ဆေးကုသရင်း အသေးစားခွဲစိတ်ဖိုလိုအပ်တဲ့ လူနာတွေလည်း ရှိလာနိုင်တဲ့အတွက် ဆရာဝန်ရဲ့ အကူအညီလိုအပ်တာလို့ အသင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။
ရှိန်းခေါင်နဲ့ အမတ်ဂျုံဒေသဟာ တရုတ်ပြည်နဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်ထိ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါး၊ လူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေကို တရုတ်ပြည်ကနေဝယ်ယူပြီး သုံးစွဲနေကြတာပါ။
ကိုဗစ် ၁၉ ရောဂါကြောင့် တရုတ်ပြည်နယ်စပ်ဂိတ်တွေ အားလုံးပိတ်လိုက်တဲ့အတွက် ရှိန်းခေါင်နဲ့ အမတ်ဂျုံဒေမှာရှိတဲ့ ပြည်သူတွေအခက်အခဲများစွာ ကြုံတွေ့နေရတယ်လို သိရပါတယ်။