DVB Logo
Home
မြန်မာသတင်း
မြို့စွန်သင်္ချိုင်းမှာသာ ဆန္ဒပြခွင့်ရခဲ့သည့် မတ္တရာလယ်သမားများ
DVB
·
January 30, 2014
မြို့စွန်သင်္ချိုင်းမှာသာ ဆန္ဒပြခွင့်ရခဲ့သည့် မတ္တရာလယ်သမားများ
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အနီးမှာ လယ်ယာမြေတွေ သိမ်းခံထားရမှုကို မကျေနပ်လို့ ရာနဲ့ချီတဲ့ လယ်သမားတွေစုရုံးပြီး ဒီကနေ့မွန်းလွဲပိုင်းက ဟောပြောပွဲတွေနဲ့ ဆန္ဒပြပွဲတွေကျင်းပပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

Matayar Farmerလယ်သိမ်းခံ လယ်သမားတွေက လူအင်အား ၁၀၀၀ နဲ့ မတ္တရာမြို့ပေါ်မှာ စီတန်းလှည့်လည် ဆန္ဒပြခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် မြို့စွန်သင်္ချိုင်းအနီး မြေကွပ်လပ် တနေရာမှာ အင်အား ၁၀၀ လောက်နဲ့ လယ်ယာမြေသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပခဲ့တာပါ။

ခုလို ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ဦးဆောင် ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရဲရင့်အောင်က ခုလိုပြောပါတယ်။

“ကျနော်တို့ မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက အသိမ်းခံမြေယာတွေနေရာကနေ မြို့နယ် သမ၀ါယမရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြဖို့ တင်ထားတာ၊ ကျနော်တင်ခဲ့တာက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်လည်း ပါပါတယ်။ ဒါပေမယ့် သူတို့ချပေးတာက သင်္ချိုင်းကုန်းမှာ ချပေးတဲ့အတွက် ခုလိုမျိုး မြို့ပြင်သင်္ချိုင်းကုန်းမှာ လုပ်တာပါ။ ဒီအတွက် ကျနော်တို့ အင်မတန် ၀မ်းနည်းပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က သိမ်းသွားတဲ့သူတွေရှေ့မှာ ပြချင်တာ၊ ခုလိုမျိုး ချောင်ကြိုချောင်ကြားထဲမှာ ပြရတာဝမ်းနည်းပါတယ်။ အဓိက အကြောင်းကတော့ ကျနော်တို့ရဲ့ လယ်ယာမြေတွေ သိမ်းဆည်းသွားတာ ၂၇ နှစ် ကျော်ရှိလာတဲ့အချိန်မှာ ခုချိန်ထိ တစုံတရာ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ အတွက် ကျနော်တို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ မြေတွေကို ပြန်ပေးပါလို့ပဲ ပြောချင်ပါတယ်။”

ဒီကနေ့ ဆန္ဒပြတဲ့လယ်သမားအများစုဟာ မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေက အကြောင်းအမျိုးမျိုးကြောင့် လယ်မြေတွေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၆ ခုနှစ်တုန်းက စိုက်ပျိုးကုန်ထုတ် သမ၀ါယမ အသင်းလီမိတက်က သိမ်းယူထားတဲ့ လယ်ဧကပေါင်း ၆၀၀ ပြန်လည်ရရှိရေး အဓိက တောင်းဆိုခဲ့ကြတာပါ။

မတ္တရာမြို့နယ် တံငါမြောက်ကျေးရွာက လယ်မြေဧက ၂၅ သိမ်းသိမ်းခံခဲ့ရတဲ့ လယ်သမား ဦးနေ၀င်း က လယ်မြေသိမ်းမှုတွေကြောင့် မိသားစုဘ၀တွေ ဆုံးရှုံးနစ်နာ အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ အကြောင်း ခုလို ပြောပါတယ်။

“သိမ်းကတည်းက လက်ငုတ်လက်ရင်းတွေ မရှိတော့ဘူး၊ သိမ်းပြီဆိုကတည်းက အလုပ်လက်မဲ့တွေ အကုန်ဖြစ်ကုန်ပြီ။ အလုပ်လက်မဲဖြစ်တော့ နေ့စားတွေ အကုန်ဖြစ်ကုန်တယ်၊။ ခုတော့ လက်လုပ်လက်စားပေါ့ဗျာ၊ ကြုံရာကျရာ လုပ်စားကြတာ။ ခုတော့ ချောင်းထဲက သဲတွေ ယူရောင်းတာတို့ ကျောက်ချတာတို့၊ တချို့ဆိုရွှေတောတို့ ၀ါးခုတ်တာတို့ လုပ်ရတယ်။ မျိုးဆက်ပြတ် သေကုန်တာတွေလည်း ရှိတယ်။ ကျနော်တို့ဆို ကျနော်တို့ မိသားစုလိုက်ကို ကျောင်းထွက်ခဲ့ရတာရှိတယ်။ ပညာရေးတွေ အကုန်ဆုံးရှုံးတယ်။ စီးပွားရေးတွေ ချို့တဲ့တယ်။ အဖေအမေတွေကတော့ စိတ်ရောဂါနဲ့ ဆုံးကုန်ပြီပေါ့ဗျာ။ ၁၉၈၆ ခုနှစ်မှာ သိမ်းတယ်။ ဒါကို ရလိုရငြား ၈၇၊ ၈၈ခုနှစ် ကတည်းက အသနားခံစာတင်ပြီးတော့ ပြန်ရလိုကြောင်း သိမ်းပြီးတဲ့နောက်နှစ်က စတင်လိုက်တာ ယနေ့အချိန်အထိပဲဗျ။ ပြန်အကြောင်းကြားခြင်းကို မရှိတဲ့အတွက် ဒီနေ့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရတာ။”

ဒီဆန္ဒပြပွဲဟာ မတ္တရာမြို့နယ်ထဲမှာ နှစ်ပေါင်းများစွာ လယ်ယာမြေတွေ သိမ်းခံထားရတဲ့ လယ်သမားတွေ စုရုံးပြီး ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပြီး လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို မန္တလေး မြ၀တီကျောင်းတိုက်က ဆရာတော် အပါအ၀င် ဒေသခံရွာ သားပေါင်း ၃၀၀ ကျော်လောက်လည်း လာရောက် အားပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013