ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်ခေါ်ပြီး ကျေးရွာ တရွာကို လူ ၂၀ လောက်သာ ထိုးပေးနေတယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရမယ်၊ မထိုးရင် ဒဏ်ငွေ ၅ သိန်းပေးဆောင်ရမယ် ခြိမ်းခြောက်ပြောဆိုတာကြောင့် ရွာသွားတွေက ကာကွယ်ဆေးထိုးဖို့သွားချိန်မှာ ဆေးမလောက်တာကြောင့် တရွာကို လူ ၂၀ ခန့်သာ ထိုးပေးတာလို့ ဒေသခံတွေက ပြောပါတယ်။
“သွားရတာတော်တော်ဝေးတယ်၊ ရွာမှာလာထိုးပေးတာမဟုတ်ဘူး။ သူတို့ထိုးပေးတဲ့နေရာကို သွားရတာ တချို့ကလည်း ဒဏ်ငွေမဆောင်နိုင်လို့ ထိုးဖို့လာရတာ၊ ဟိုရောက်တော့ ဆေးက မလောက်ဘူး။ အဲ့တော့ ခွဲတမ်း နဲ့ တရွာကို ၂၀ ထိုးပေးတာ ကျန်တဲ့သူတွေ ဒီအတိုင်းပြန်ရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ငွေဆောင်ရမယ် ထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆေးထိုးဖို့သွားချိန်မှာ ဆေးမလောက်လို့ မထိုးရဘဲ ပြန်လာရတာ ၂ ကြိမ်ထိရှိပြီလို့ သီလချောင်းကျေးရွာအုပ်စု သီလချောင်း၊ အုန်းပင်ချောင်း၊ မရင်အေး၊ ဘလေး၊ ဘလောင် ရွာသားတွေက ပြောဆိုပါတယ်။
ဝါးခယ်မမြို့နယ်အတွင်းက ကျေးရွာတွေအတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့နဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွေမှာ ဆေး ၂ ကြိမ်ထိုးပေးတာဖြစ်ပြီး ၂ ကြိမ်လုံးမှာ ဆေးမလုံလောက်တာကြောင့် တရွာ ၂၀ ပဲ ထိုးခဲ့ရတယ်လို့ သိရပါတယ်။