အာဇာနည် ဦးစိန်ဝင်း ၃၁ နှစ်မြောက်

ကျောက်တိုင်ပြိုခဲ့ သုံးဆယ့်တနှစ်

ရန်ကြီးအောင်စိန်ဝင်း ၊ ကျဆုံးခြင်းရဲ့

(၃၁) နှစ် ၊ ဒီနေ့ဖြစ်ပြီ

မမေ့သည်ကား ၊ သုံးခွသားတို့ 

ရဲဘော်တို့များ ၊ တိုက်ပွဲကြားမှ

စွမ်းအားရှိသမျှ ရုန်းထနေကြသူများ။ ။

ရန်ကြီးအောင်ဦးစိန်ဝင်းဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက် ဒီနေ့လိုနေ့မျိုး အင်းစိန်ဆေးရုံမှာ ကျဆုံးခဲ့ရပါတယ်။ ဒီနေ့ကတော့ ၃၁ နှစ်ပြည့်မြောက်ပါပြီ။ သူ့အကြောင်း ကာရန် လေးလုံးစပ်စာလေးတွေနဲ့ လက်ကိုင်ဖုန်းထဲ စာရိုက်ရေးခဲ့တယ်။ အပေါ်က လေးလုံးစပ် စာစုကလေးပါ။ ကဗျာမဟုတ်ပါ။ ကဗျာကို ကျနော် မရေးတတ်ပါ။ ဒါပေမဲ့ ရန်ကြီးအောင်စိန်ဝင်းအတွက် ကဗျာကတော့ သူကျဆုံးတဲ့နေ့မှာပဲ ပြည်သူ့ ကဗျာစာဆိုကြီး (ဦး) တင်မိုးက ရေးသားဂုဏ်ပြုခဲ့ပါတယ်။ ဒီကဗျာကို အောက်မှာ ပြန်လည်ဖော်ပြပေးပါ့မယ်။ အခုကတော့ ရန်ကြီးအောင်စိန်ဝင်းရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရဲရဲတောက်သတ္တိနဲ့ စိတ်ဓာတ် ခံယူချက်တွေကို ပြောပါမယ်။ 

“အာဇာနည် ဦးစိန်ဝင်း”

ကျနော်ဟာ ဒီဗွီဘီ သတင်းထောက်မို့ နေ့စဉ်သတင်းပေးပို့ချက်တွေနဲ့ သတင်းလိုက်၊ သတင်းယူ၊ သတင်းရေး၊ သတင်းအစည်းအဝေးတွေနဲ့ လုံးပမ်းရင်းက နေ့တိုင်းလိုလို ည ၁ နာရီလောက်မှ အိပ်မိလေ့ရှိပါတယ်။ စာတွေ ဆောင်းပါးတွေ မရေးအားပါ။ ဒါပေမဲ့ ဇန်နဝါရီ ၈ ဦးစိန်ဝင်း ကျဆုံးတဲ့နေ့၊ ဇန်နဝါရီ ၁၈ NLD ၉၀ ပြည့်အမတ် ကျောင်းသားခေါင်းဆောင် ခရမ်းဦးတင်မောင်ဝင်း ကျဆုံးနေ့၊ ကဗျာဆရာကြီး ဦးတင်မိုးကွယ်လွန်တဲ့ ဇန် ၂၂ ရက်တွေကတော့ သတိရနေမိတာပါ။ ဒါပေမဲ့ မအားလို့ မရေးပဲနေမိပြီး သတင်းတွေသာ လိုက်နေမိတယ်။ မမျှော်လင့်ပဲ ရေးဖြစ်အောင် “ဆရာမိုး” က မက်စင်ဂျာကနေ ဖုန်းဆက်လာပါတယ်။ “အာဇာနည် ဦးစိန်ဝင်း” လို့ သူ့ကို ထောင်ထဲမှာ ခေါ်ကြတယ်ဗျလို့ အစချီပြီး ဒီမနက်က ဆရာမိုးက ပြောလာပါတယ်။ ဒါနဲ့ ဦးစိန်ဝင်း စောစော ကျဆုံးသွားရတဲ့ လူအများမသိကြသေးတဲ့ အကြောင်းကို သိလိုက်ရအပြီး ဒီစာကို စရေးဖြစ်တာပါ။ ဆရာမိုးရဲ့ ကျေးဇူးပါ။  

“အာဇာနည်ဦးစိန်ဝင်း ဘယ်လိုလူစားလဲ”

လွန်တဲ့ ၂ ရက် နွေဦးတော်လှန်ရေး ကျောင်းသားခေါင်းဆောင်လေးတယောက်ကို စစ်ကောင်စီက အင်းစိန်ထောင် တရားရုံးထုတ်ရာမှာ ကျောင်းသားခေါင်းဆောင်လေးက သူ့ကို မတရား အာဏာသိမ်းထားတဲ့ တရားမဝင် စစ်အစိုးရ တရားရုံးက စီရင်ခွင့် မရှိဘူး။ ဒါကြောင့် တရားမဝင် (မ)တရားရုံးက စီရင်ဆုံးဖြတ်တာကို လက်မခံဘူးလို့ (ရဲရဲတောက်) ပြောခဲ့တာကို ကြားလိုက်မိတယ်။ တရားခွင်နဲ့ နီးစပ်သူတွေက ပြန်ပြောပြတာပါ။ 

ဒီစကား ကြားတဲ့အခါ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က အင်းစိန်ထောင် တရားရုံးမှာပဲ မတရားအစိုးရလက်ထက် တရားစီရင်မခံဘူးလို့ အာဇာနည်ဦးစိန်ဝင်း ပြောခဲ့ဖူးတာကို သတိရမိတယ်။ ဦးစိန်ဝင်းကွယ်လွန်တော့ သူ့ဇာတိ ရန်ကြီးအောင်ရွာနဲ့ သုံးခွမြို့နယ် သူငယ်ချင်းတွေက စိန်ဝင်းမရှိတော့ပေမယ့် စိန်ဝင်းကလေးတွေ အများကြီး ပေါ်လာဦးမှာပါလို့ ပြောခဲ့ကြဖူးတယ်။ အခု သူကွယ်လွန်ပြီး နှစ် ၃၀ အကြာ နွေဦးတော်လှန်ရေးမှာ စိန်ဝင်းကလေးတွေ ရာထောင် သောင်းချီ ပေါ်ပေါက်လာနေပါပြီ။ သူဟာ ၁၉၅၈-၅၉ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ ဖြစ်ပြီး ဗကသ အမှုဆောင်လည်း ဖြစ်ပါတယ်။ မဆလ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့လို့ အဖမ်းခံရ၊ နှိပ်စက်ခံရပေမဲ့ လျှို့ဝှက်ချက်တွေကို မဖော်ပဲ တော်လှန်ရေး လုပ်ငန်းတွေကို ထိန်းသိမ်းသူပေါ့။ ကိုကိုးကျွန်းအပို့ခံတဲ့အထိ ဖိနှိပ်ခံခဲ့ရပေမဲ့ ဘယ်တော့မှ “လှေခွက်ချည်းကျန် အလံမလှဲ” အသက်စွန့် ဘဝစွန့် အနစ်နာခံ တိုက်ပွဲဝင်သွားခဲ့သူပေါ့ဗျာ။ သူဟာ ကျောင်းသားထု ပြည်သူလူထု အားကိုးရတဲ့ ကျောက်တိုင်ကြီး ပမာပါပဲလို့ ကဗျာဆရာကြီး (ဦး) တင်မိုးကတော့ တင်စားဖွဲ့နွဲ့ပါတယ်။ 

သူရဲကောင်းကျောက်တိုင်

ရဲဘော်လိုလူ

ပြည်သူရဲ့ဘက်တော်သား

ဆုံးပါးတဲ့အတွက်

မျက်ရည်တစက်ကျမိတယ်။

ရဲဘော်ရဲ့ ရိုးဂုဏ်

ဖြောင့်မတ်တဲ့ဂုဏ်

ပြတ်သားစွာရပ်တည်တဲ့ဂုဏ်

ဒီဂုဏ်တွေဟာ

ရဲဘော်ရဲ့ကျောက်တိုင်ပမာ

စံနမူနာအဖြစ်

မော်ကွန်းသစ်တင်လိမ့်မယ်။

ရဲဘော်ရဲ့ဂုဏ်သိက္ခာဟာ

မြန်မာပြည်ရဲ့ အလင်္ကာ။

ရဲဘော်ရဲ့စိတ်ဓာတ်

မြင့်မြတ်ကြီးကျယ်မှုဟာ

မြန်မာပြည်ရဲ့ အလံတော်ပါပဲ။ ။

(တင်မိုး)

(သုံးခွကရဲဘော်ကြီး - ကိုစိန်ဝင်းသို့)

အာဇာနည် ဦးစိန်ဝင်းအတွက် ကဗျာတွေကို သူ့ကိုလေးစားတဲ့ ရဲဘော်တွေက ရေးထားကြပါလိမ့်မယ်။ နောက်ပိုင်းမှာ (၈. ၁. ၁၉၉၁ အင်းစိန်ဆေးရုံမှာကွယ်လွန်သူ ကိုစိန်ဝင်း(သုံးခွ) အတွက် အမှတ်တရ) ဆိုပြီး ရေးထားတဲ့ (ညံဇံ) ရဲ့ကဗျာကိုလည်း ဖော်ပြပေးပါဦးမယ်။ ဦးစိန်ဝင်းဆုံးတဲ့နေ့က သူ့ဈာပနအတွက် တာဝန်ခံပြီး စီစဉ်တဲ့ တာမွေ၊ သီတာလမ်းက သူ့ရဲ့ရဲဘော် သူငယ်ချင်း အင်္ဂလိပ်စာဆရာ ဦးမြသန်းအိမ်ကို ကျနော် ရောက်သွားတော့ ရဲဘော်ကြီးတယောက်က ဦးစိန်ဝင်းအတွက် ကဗျာတပုဒ်ရေးလာတယ်လို့ ကဗျာစာရွက်ကိုင်ပြီး ပြောတာ တွေ့လိုက်တယ်။ သူ့ကဗျာကို သိမ်းထားလို့ရှိရင် အခုအထိ ရှိနေနိုင်ပါတယ်။ တခြားရေးသူတွေလည်း ရှိနိုင်ပါရဲ့။ 

“ကဗျာတပုဒ်ကြောင့်ခွေးတိုက်မှာ အပိတ်ခံရ”

“ဦးစိန်ဝင်းပေါ့။ အာဇာနည်ဦးစိန်ဝင်း ရန်ကြီးအောင်စိန်ဝင်း ကျဆုံးခြင်းရဲ့ ဖြစ်ရပ်တခု နောက်ကွယ်မှာ ကျောင်းသားခေါင်းဆောင်လူငယ်တယောက် လက်ဆော့လိုက်တာ သံပန်းကန်ပြားမှာ သူ့ဖာသာသူ  ကဗျာရေးလိုက်တယ် အောက်မှာ စိန်ဝင်း ၁၉၆၂ လို့ ရေးလိုက်တယ်။ ဒါကြောင့် စစ်ခွေးတိုက်မှာ ဦးစိန်ဝင်းက သူနဲ့ မဆိုင်ပဲနဲ့ တိုက်ပိတ်ခံရတယ်။ ကဗျာကတော့— 

“ခွပ်ဒေါင်းဆိုတဲ့ 

မသေမျိုးတွေအကြောင်းကို

မအေရိုးတွေသိသွားရအောင်

ခေါင်းထောင်လို့ ခွပ်ကြစို့ ။ ။”

ကဗျာရေး ဆန္ဒပြတယ်ဆိုပြီး ခင်ညွန့် စစ်ထောက်လှမ်းရေးကလည်း နဂိုကမှ သတ်ချင်နေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့။ အပို့ခံရတဲ့ စစ်ခွေးတိုက်ရဲ့ သန့်ရှင်းမှုက အလွန်ကင်းမဲ့တာကိုး။ အင်မတန် ညစ်ပတ်ပေရေနေတဲ့ နေရာမှာကိုး။ နောက်တော့ သူ့အသက်အရွယ်နဲ့ ရောဂါအခံရှိတဲ့အခါကျတော့ ဝမ်းကိုက်ရောဂါ ကျွမ်းပြီး နောက်ဆုံး အခြေအနေကျမှ ဆေးရုံပို့တယ်ဗျာ။ နောက်ဆုံးတော့ ကျဆုံးသွားရတာပေါ့။” ဆိုပြီး ဆရာမိုး မက်စင်ဂျာကတဆင့် ပြောပြသွားခဲ့တာပါ။ ပန်းကန်မှာ ကဗျာရေးခဲ့သူဟာ ထောင်တွင်းမှာ အနေကြာလာတော့ စိတ်ညစ်ပြီး ပေါက်ကရ လုပ်တတ်သူ၊ ထောင်နံရံမှာ ကဗျာရေးပြီး အထင်မှားအောင်လုပ်လို့ ဗမာပြည် ကွန်မြူနစ် ပါတီ ၄၈၂၈ ကော်မတီက ထောင်ကျ ၂ ယောက်လည်း တိုက်ပိတ်ခံရဖူးတယ်တဲ့။ သူတို့ ၂ ယောက်ကတော့ လူငယ်တွေမို့ တိုက်ထဲမှာ မသေပေမဲ့ ဦးစိန်ဝင်းကတော့ အသက်အရွယ်အရ ကိုယ်ခံအားနည်းပြီး ရုတ်တရက် မကြွေသင့်ပဲ ကြွေခဲ့ရတာပေါ့။ ထောင်တွင်းစကား တွန်းပို့လောကမှာ ပါသွားရတာလို့ ဆိုရပါမယ်။ ဘာပဲဖြစ်ဖြစ် အာဇာနည် ဦးစိန်ဝင်း ကျဆုံးခဲ့တာ ၃၁ နှစ် ရှိပါပြီ။ အာဇာနည် ရှေ့တပ်ခေါ်ကြတာက ထောင်ထဲမှာ လေးစားတာရယ်၊ ဂုဏ်ပြုလိုတာရယ်၊ နာမည်တူတွေ ရှိနေတာကြောင့်မို့ရယ် ခေါ်ကြတာပါ။ အာဏာရှင် ဦးလှရွှေ ဆိုသူ ရှိဖူးတာကြောင့် ပီသုံးလုံးက ဦးလှရွှေကိုလည်း အာဇာနည် ဦးလှရွှေလို့ ခေါ်ကြပါတယ်။ ဒီလိုနဲ့ ဦးစိန်ဝင်းကိုလည်း အာဇာနည်ဦးစိန်ဝင်းလို့ ခေါ်ကြတာပေါ့။ အခုတော့ ဦးစိန်ဝင်းအတွက် ညံဇံရဲ့ ကဗျာကို ဖတ်ကြပါဦး။ 

သစ္စာစကား

အို ...

သူငယ်ချင်းများ ...

မိတ်ဆွေများ ...

ရဲဘော်များ ...

ငါ ...ပန်းပွင့်နှလုံးသား ...

ပြုံးထားမျက်နှာ

နှုတ်လွှာချိုမြ

စမ်းလပမာနှယ်

ကြင်နာနုသက်

ကြာမုံလက်နှင့်

နှုတ်ဆက်ပါသည် ... ထာဝရ။

ဟေ့ ...

အဓမ္မသမား

ဝံပုလွေများ ...

သင်တို့အတွက်

ကျောက်သားမျက်နှာ

အသဲမှာသံမဏိ

အမုန်းပန်းအတိပြည့်

ထိကြည့်စမ်း ... မီးလိုနေလို

ဆိုမည် ... သစ္စာ

မကြိုငါ့လက် ... နှုတ်မဆက်ဘူး ထာဝရ။ ။ 

(ညံဇံ)

(၈. ၁. ၁၉၉၁ အင်းစိန်ဆေးရုံမှာကွယ်လွန်သူ ကိုစိန်ဝင်း(သုံးခွ) အတွက် အမှတ်တရ) အေအေပီပီထုတ် ရှစ်စက္ကန့်စာအု၊ပ်မှ 

ခရမ်းဦးတင်မောင်ဝင်းနေ့၊ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်နေ့၊ ဦးသန့်ဈာပနနေ့၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေ ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၃၄ နှစ်မြောက်၊ ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရခြင်း နှစ်ပတ်လည် စသဖြင့် ပြည်သူကိုချစ်သော ပြည်သူကချစ်သောသူတွေရဲ့ နောက်ဆုံးနေ့တွေကို မမေ့ကြပါ။

အာဏာရှင် ဦးနေဝင်း ဆုံးတဲ့နေ့၊ ဂဠုန်ဦးစောကြိုးပေးနေ့စတဲ့ လူထုဆန့်ကျင်သူတွေရဲ့ နေ့တွေကိုတော့ ဘယ်သူကမှ ဘယ်ပြည်သူလူထုတွေကမှ ဘယ်မျိုးဆက်သစ် လူငယ်တွေကမှ သတိမရကြပါလေ။ ဒါပေမဲ့ ထောင်ချ တိုက်ပိတ် နှိပ်စက်မျိုးစုံကိုခံပြီး ပြည်သူတွေ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး အသက်ပေး တိုက်ပွဲဝင်သွားခဲ့သူ အာဇာနည်ဦးစိန်ဝင်း ကွယ်လွန်ခြင်းကတော့ ဒီနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ ၃၁ နှစ် ရှိပြီပေါ့ခင်ဗျာ။ ။ 

မောင်တူး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up