Home
မြန်မာသတင်း
ဖရူဆို မီးရှို့သတ်မှုဖြစ်စဉ်ကျူးလွန်ခဲ့သည့် ခမရ-၁၀၈ တပ်ရင်းမှ တပ်ကြပ် ၁ ဦး PDFထံခိုလှုံ
DVB
·
January 8, 2022

ပဲခူးတိုင်း၊ ပြည်မြို့နယ် အခြေစိုက် အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ အမှတ် (၁၀၈) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တယောက်  ဇန်နဝါရီ ၅ ရက်က  ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO- PDF)ထံ လက်နက်အပ်နှံကာ အာဏာဖီဆန် CDM ပြုလုပ် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာပါတယ်။

စစ်ကောင်စီတပ် အမှတ် (၁၀၈) ခြေမြန်တပ်ရင်းဟာ ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ‌မိုဆိုရွာကဒေသခံတွေနဲ့ ခရီးသွားပြည်သူ ၄၀ လောက်ကို ရက်ရက်စက်စက်  မီးရှို့သတ်ဖြတ်ခဲ့တဲ့တပ်ဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်က ပြောပါတယ်။

DMO- PDF ထံ ခိုလှုံလာတဲ့ တပ်ကြပ်က "တပ်ရဲ့အထက်လူကြီးတွေက ကိုယ်ကျိုးစီးပွားပဲ ရှာနေကြတယ်။ အောက်လက်ငယ်သား တခြားအဆင့်တွေကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်နေတယ်။ ပြီးတော့ ပြည်သူလူထုတွေကို ရန်သူလို သတ်မှတ်ပြီး တိုက်ခိုက်နေတာတွေကို မလုပ်ချင်လို့ အခွင့်အရေးရတာနဲ့ PDF ‌တွေဆီ လာရောက်ခိုလှုံတာ ဖြစ်တယ်။ ပြည်သူတွေကို သတ်ဖြတ်ဖို့ အဓိကအမိန့်ပေးသူအားလုံးဟာ DSA ကျောင်းဆင်း အထက်အရာရှိတွေပဲဖြစ်တယ်"လို့ ပြောပါတယ်။

အခုလက်ရှိ ဒီးမော့ဆို- PDFထံ ခိုလှုံလာတဲ့ တပ်ကြပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၇ ရက်က လုံခြုံစိတ်ချရတဲ့နေရာမှာ ကောင်းမွန်စွာ လွှဲပြောင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့က ဒေသခံတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ထံ လာရောက်ခိုလှုံမယ့် ဘယ်ဌာနက အမှုထမ်း၊ အရာထမ်းမဆို နွေးထွေးစွာကြိုဆိုကာ လုံခြုံရေးကိုလည်း တာဝန်ယူ‌ပေးသွားမယ်လို့ DMO-PDFမှ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024