ထိုင်းတွင် ၁ ရက်တည်း လူ ၇၀၀၀ ကျော် ကိုဗစ်ကူးစက်၊ ၆၉ ခရိုင်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်သူတွေ များလာတဲ့နောက် ကိုဗစ်-၁၉ လူနာသစ်ဦးရေ တနေ့တည်းမှာ ၇၅၂၆ ဦးတွေ့ရှိပြီး တာဝန်ရှိသူတွေက ရောဂါထိန်းချုပ်ဇုန်နဲ့အတူ အခြားကန့်သတ်ချက်တွေပါ ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခရိုင်ရှိတဲ့အနက်  ၆၉ ခရိုင်ကို လိမ္မော်ရောင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးဇုန်အဖြစ်၊ ကျန်တဲ့ ခရိုင် ၈ ခုကို အပြာရောင်ဇုန်အဖြစ် ဒီလ ၉ ရက်နေ့ကစပြီး သတ်မှတ်တယ်လို့ ထိုင်းနိုင်ငံကိုဗစ်-၁၉ အခြေအနေကွပ်ကဲထိန်းချုပ်ရေးဗဟိုအဖွဲ့ Center for Covid 19 Situation  (CCSA) က ဒီကနေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အပြာရောင်ဇုန် ၈ ခရိုင်မှာ ဘန်ကောက်၊ ကန်ကျနပူရီ၊ ကရပီ၊ ချွန်းပူးရီး၊ နွန်ထပူရီ၊ ပထုန်ဌာနီ၊ ဖန်င နဲ့ ဖူးကစ်ခရိုင်တို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ သွားလာလည်ပတ်ဖို့ ဖြစ်ကြောင်း၊ ဒါပေမယ့် ဆိုင်ထိုင်သောက်စားတာကို ည ၉ နာရီထိသာ ခွင့်ပြုမယ်လို့ CCSA ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်းက ပြောပါတယ်။ 

ဒါ့အပြင် အိမ်ကနေပဲ အလုပ်လုပ်တဲ့ WFH ( Work from home) ကာလကို မူလက ဇန်နဝါရီ ၁၄ ထိသာ သတ်မှတ်ပေမယ့် ဒီလကုန် ၃၁/၀၁/၂၀၂၂ ထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ 

ကာရာအိုခေ၊ အနှိပ်ခန်း၊ အရက်ဆိုင် စတဲ့ ဖျော်ဖြေဆိုင်တွေ ဖွင့်ခွင့်မပြုသေးဘဲ စားသောက်ဆိုင်အဖြစ် ပြောင်းဖွင့်လို့ ရတယ်လို့ ဆိုပါတယ်။ 

နိုင်ငံခြားကနေ ဝင်ရောက်လာသူတွေအနေနဲ့ Test & Go ( ကွာရန်တင်းဝင်စရာမလို) တဲ့ စနစ်ကို ရက်အကန့်အသတ်မရှိ ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ဝင်လာသူတိုင်း ကိုဗစ်-၁၉ စစ်ဆေးပြီး ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။ 

Sand Box စနစ်နဲ့ အလည်အပတ်အတွက် သီးသန့်လာတဲ့ဧည့်သည်တွေအတွက် မူလက ဖူးကစ်ခရိုင်သာ ဖွင့်ထားရာက စူရတ်ဌာနီ၊ ဖန်င နဲ့ ကရပီ ခရိုင်တွေပါ တိုးချဲ့လိုက်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာပေမယ့် တိုင်းပြည်ကိုတော့ Lock Down ချသေးမှာ မဟုတ်ကြောင်း၊ ခရိုင်တစ်ခုမှတစ်ခုသို့ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ကန့်သတ်တာမဟုတ်ဘဲ အရေးမကြီးရင်ခရီးမထွက်ဖို့ မေတ္တာရပ်ခံခြင်းသာဖြစ်ကြောင်း ဒေါက်တာ ထဝီးဆင်က ပြောသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာသစ် ၇၅၂၆ ဦး၊ သေဆုံး ၁၉ ဦးနဲ့ သက်သာပျောက်ကင်းသူ ၂၈၉၅ ဦးရှိပါတယ်။ ၂၀၂၀ ခုနှစ်ကစ ကနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၂၅၂၇၇၆ ဦး၊ သက်သာပျောက်ကင်းသူပေါင်း ၂၁၈၈၃၉၇ ဦး၊ သေဆုံးသူပေါင်း ၂၁၇၉၉ ဦးရှိပါတယ်။ 

အိုမီခရွန်ပိုးကူးစက်သူစာရင်း ဒီကနေ့ထုတ်ပြန်တာမတွေ့ဘဲ ဇန်နဝါရီ ၅ ရက်နေ့အထိတော့ ခရိုင်ပေါင်း ၅၅ ခုကနေ ၂၃၃၈ ဦးတွေ့ရှိပြီး အများဆုံးမှာ ဘန်ကောက်၊ ကားလားဆင်နဲ့ ချွန်းပူးရီးခရိုင်တို့ဖြစ်ကြောင်း Thai Pbs သတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up