စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဂဟဲကျေးရွာက ပြည်သူတွေဟာ ရွာလုံးကျွတ် တောတောင်တွေမှာ တိမ်းရှောင်နေကြရပြီး အခုအချိန်ထိ ရွာထဲပြန်မလာနိုင်သေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးတဲ့နောက် စစ်အင်အားတိုးမြှင့် စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ ရွာမှာမနေရဲတော့ဘဲ တောတောင်တွေထဲမှာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်ကလာမယ်ဆိုပြီး သတင်းကြားတဲ့အခါကျတော့ အရင်ကလည်း လေယာဉ်နဲ့ လာပြီး ဗုံးကြဲတဲ့အခါကျတော့ ရွာသားတွေက ရွာထဲမှာ လုံးဝမနေရဲတော့တာ။ အခုလည်း အဲဒီရွာကို လေယာဉ်နဲ့လာမယ်လို့ သတင်းကြားတာ။ ”
အခုလို တောတောင်ထဲမှာ တိမ်းရှောင်နေရတာ ရက်ကြာလာတာကြောင့် အစားအသောက်မလုံလောက်တာ၊ နေရာထိုင်းခင်းနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ပုန်းရှောင်နေရတဲ့ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။
“စားစရာရယ်၊ ဆေးဝါးရယ်၊ စားစရာ၊ ဆေးဝါးရယ်၊ ဝတ်စရာရယ် ဒါတွေတော့ လိုအပ်တယ်။”
အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဂဟဲရွာကို ဇန်နဝါရီ ၄ ရက်က တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံးကြဲချတာ၊ လေယာဥ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်အမျိုးသမီးတစ်ဦး ဒဏ်ရာရှိခဲ့တဲ့အပြင် အိမ်နှစ်လုံးမီးလောင်ပြီးတော့ အိမ်သုံးလုံး ပျက်စီးသွားတာပါ။
လက်ရှိအချိန်မှာ စစ်ကောင်စီ လက်အောက်ခံတပ်တွေက ထီးချိုင်၊ အင်းတော်၊ ပင်လည်ဘူးနဲ့ ကောလင်းဒေသတွေမှာ စစ်အင်အားတိုးမြင့်တာ၊ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပြီး တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာဖို့ ရှိတယ်လို့ မြေပြင်စစ်ကောင်စီတော်လှန်းရေးတပ်သားတွေက နေသိရပါတယ်။