စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၃၇ ဦးထိရှိလာ

မတရားအာဏာသိမ်းကာလ ၁၁ လကျော်အကြာ အာဏာသိမ်းစစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၁၄၃၇ ယောက်ထိရှိပြီလို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၃၈၉ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅၁၁ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ်သေ ဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုသိန်းစိုး(ခ)သန်းစိုးဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ် စက်ခံရတာကြောင့် ဇန်နဝါရီ ၃ ရက် ညနေပိုင်းမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုသိန်းစိုး(ခ)သန်းစိုးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်ညအချိန်က ဖမ်းဆီးခံခဲ့ရ ပြီးနောက် စစ်ကြောရေးမှာ သီတင်းတစ်ပတ်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁ ရက် ညအချိန်က .ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာ နေ ထိုင်တဲ့ ဦးလှမင်းသိန်းကို စစ်ကောင်စီတပ်တွေက ဧည့်စာရင်းစစ်မယ်ဆိုကာ လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာတော့ ဦးလှမင်းသိန်း ကျဆုံးသွားကြောင်းကို မိသားစုဆီ အကြောင်းကြားလာကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ် သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up