မနေ့က ဇန်နဝါရီ ၄ ရက် တရက်တည်းမှာတင် ပြည်သူ့ခုခံတော်လှန်စစ်အတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၇၇ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ယောက် ရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက် ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိ ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲ နေကြတာဖြစ်ပြီး ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုပြီးတော့ များနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတွေမှာ ၁ ကြိမ်စီ၊ တနင်္သာရီတိုင်းမှာ ၂ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၄ ကြိမ်၊ မန္တလေးတိုင်းမှာ ၅ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။