စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဇန်နဝါရီ ၃ ရက်နေ့ ည ၁၂ နာရီအချိန်လောက် စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးပေါ် ဘုရားပြန်တောင်ဘက်မှာ စစ်ကောင်စီထောက်ပို့ ကုန်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။
ဒေသတွင်းပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “အဲဒီကားက စစ်ကိုင်းမှ ရွှေဘိုထွက်လာတဲ့ စစ်ကောင်စီထောက်ပို့ ၁၂ ဘီးကား ဖြစ်တယ်ဆိုတာကို ကျနော်အတိအကျ သိလို့ အခုလိုစောင့်ပြီး မိုင်း ၂ ကြိမ်ဆွဲခဲတာ။ ပထမအကြိမ်မိုင်းဆွဲတော့ ကားစက်ရပ်သွားတယ်။ ခဏနေတော့ ဆက်ပြီးမောင်းတယ်။ ကျနော်တို့ ဒေသခံမဟာမိတ်တော်လှန်ရေးအဖွဲ့က ထပ်မိုင်းဆွဲတယ်။ အကုန်လုံးပျက်စီးသွားတယ်။ မောင်းလို့ကမရတော့ဘူး” လို့ အတည်ပြုပြောပါတယ်။
မိုင်းဆွဲခံခဲ့ရတဲ့ စစ်ကောင်စီထောက်ပို့ ၁၂ ဘီးကား ပျက်စီးသွားပြီး ဒီနေ့မနက်ခင်းပိုင်းမှာ စစ်ကောင်စီကားတွေနဲ့ ကုန်ပစ္စည်းတွေ ပြောင်းတင်ပြီး သယ်ဆောင်နေတယ်လို့ ဒေသတွင်း မျက်မြင်သူတွေက ပြောပါတယ်။
စစ်ကောင်စီထောက်ပို့ကားကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲနှစ်ဖွဲ့ဖြစ်တဲ့ ပရိုလိုက်အဖွဲ့ နဲ့ ကြောင်လက်သည်း အဖွဲ့တို့က ရှေ့ဆင့် နောက်ဆင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။