Home
ရုပ်သံ
“ပြည်သူအပေါင်းရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသရွေ့ တိုင်းပြည်လွတ်လပ်ပြီလို့ ဆိုနိုင်မယ် မဟုတ်ပါ” NUG ယာယီသမ္မတ (ရုပ်သံ)
DVB
·
January 4, 2022

တိုင်းနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အချုပ်အခြာရဲ့ မူလပိုင်ရှင် ပြည်သူအပေါင်းရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသရွေ့ တိုင်းပြည်လွတ်လပ်ပြီလို့ ဆိုနိုင်မှာမဟုတ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ခုလိုထည့်သွင်းပြောကြားလိုက်တာပါ။

“တိုင်းတစ်ပါးကျွန်ဘဝက လွတ်မြောက်ခဲ့တာ အနှစ် ၇၀ ကျော်ပြီ ဖြစ်ပေမယ့် အခုအချိန်မှာ တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝကျရောက်နေပြီး စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှုဒဏ်ကို အပြင်းအထန်ခံစားနေကြရတာကတော့ အားလုံးအတွက် ဝမ်းနည်းစရာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ အချုပ်အခြာအရ လွတ်လပ်သောနိုင်ငံတခုအဖြစ် ရပ်တည်ခဲ့ပေမယ့် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဖြစ်တဲ့ တိုင်းရင်းသားပြည်သူလူထုအပေါင်းရဲ့ လွတ်လပ်ရေးကတော့ စစ်အာဏာသိမ်းမှုတွေအောက်မှာ ပျောက်ဆုံးနေရဆဲ၊ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ သမ္မတကြီးက ပြောပါတယ်။

တချိန်က လွတ်လပ်ရေး ဗိသုကာတွေရဲ့ မျှော်ရည်ချက်၊ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံ တည်ဆောက်ရေး နှုန်းစံတန်ဖိုးများဟာ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထင်ဟပ်နေပြီး လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် ၅ မှာ “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူ တဦးတယောက် တ ဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ် ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်" လို့ အတိအလင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာစစ်အုပ်စုကတော့ ဒီစံတန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး နိုင်ငံကို သူတို့တစ်ဖွဲ့တစ်သင်းရဲ့ ပုဂ္ဂလိက အပိုင်ပစ္စည်းသဖွယ် ချုပ်ကိုင်အပိုင်သိမ်းယူ အကျိုးခံ စားနေကြခြင်းအားဖြင့် တိုင်းပြည်ကို စစ်ကျွန်ဘဝမှာ နစ်မွန်းစေခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ အတွင်း လေးကြိမ်တိတိ အာဏာသိမ်းယူ ဗိုလ်ကျ စိုးမိုးခဲ့ခြင်းအားဖြင့် စစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက် ဖက်ဆစ်သရုပ်ကို ဖော်ပြခဲ့ပြီး ဖြစ်ကြောင်းနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကတော့ သမိုင်းတလျှောက် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ ပြည်သူကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေတယ်ဆိုတာ ပြည်သူများကော နိုင်ငံတကာကပါ သိရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်တပ်ဟာလည်း "တပ်မတော်" ဆိုတဲ့ အမည်နာမကို ခံယူဖို့ ထိုက်တန်ခြင်း မရှိတော့ဘဲ “ပြည်သူ့ရန်သူ အကြမ်းဖက်သမားများ” အဖြစ် လျောကျသက်ဆင်း သွားခဲ့ပြီလို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောထားပါတယ်။

“ဒီအချိန်မှာ တိုင်းရင်းသားပြည်သူတွေအနေနဲ့ ရွေးချယ်စရာ တစ်လမ်းပဲ ရှိပါတယ်။ ဒါကတော့ ပြည်သူအားလုံးနည်းမျိုးစုံနဲ့ ပါဝင်ဆင်နွှဲလျက်ရှိတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဆင်နွှဲပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖယ်ရှားပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲခြင်းလည်း မည်ပါတယ်။”

ဒါ့အပြင် စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြန် လည်ဆွဲဆောင်ဖြားယောင်းနေပြီး စစ်အုပ်စုက ဦးဆောင်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ဆန္ဒကို ထင်ဟပ်စေမှာ မဟုတ်သလို မျှတတဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်ကြောင်းလည်း သမ္မတကြီးက သတိပေးထားပါတယ်။

“တကယ်တော့ ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေဆိုတာ နိုင်ငံရေး စားပွဲဝိုင်းကို ပို့ရမှာ မဟုတ်ပါဘူး၊ သူတို့ကို ပို့ရမယ့်နေရာက ပြည်တွင်း ပြည်ပ ရာဇဝတ်ခုံရုံးများပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်နေပေမယ့် စစ်အုပ် စုရဲ့ အကြမ်းဖက်မှုများကို စက်ဆုပ်တဲ့ သူတွေ၊ စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ် စောင့်ရှောက်ဖို့မှတစ်ပါး နိုင်ငံရေးမှာ ဝင်ပတ်သက်စရာ မလိုဘူးလို့ နားလည်ခံယူတဲ့ တပ်မှူး တပ်သားများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အစဉ် ရင်ဖွင့်ကြိုဆိုနေမှာ ဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားတဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းအပြည့်အစုံ-

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024