မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားထိန်းသိမ်းထားသူတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စစ်အာဏာရှင်ကို အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က အမေရိကန်ပြည်ထောင်စုကိုယ်စား ပေးပို့တဲ့ ဆုတောင်းသဝဏ်လွှာမှာ ခုလိုတောင်းဆိုလိုက်တာပါ။
ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနဲ့ မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုကြောင်း၊ စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ် စက်ကလူပြုမှုတွေကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားဘူးလို့လည်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် နိုင်ငံတဝန်းပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကတော့ အရှိန်အဟုန်နဲ့ ဆက်လက်ပြီးတော့ လှုပ်ရှားပါဝင်နေကြဆဲဖြစ်သလို လွတ်လပ်ရေးနေ့မှာလည်း “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ဆောင်ပုဒ်နဲ့ နိုင်ငံတဝန်းဆင်နွှဲကြမယ့် သပိတ်မှာ အားလုံးပါဝင်ဆင်နွှဲကြဖို့ နှိုးဆော်ထားပါတယ်။