DVB Logo
Home
မြန်မာသတင်း
မလေးရှားစီမံချက် မြန်မာနိုင်ငံသား ရာချီထိန်းသိမ်းခံရ
DVB
·
January 28, 2014
မလေးရှားစီမံချက် မြန်မာနိုင်ငံသား ရာချီထိန်းသိမ်းခံရ
1 / 2
Donate to DVB

မလေးရှားနိုင်ငံမှာ တရားမ၀င်လုပ်သားတွေကို ဖမ်းဆီးမှုစီမံချက်မှာ ဒီကနေ့ထိ မြန်မာပြည်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မြန်မာသံရုံးနဲ့ နီးစပ်တဲ့ ကိုသီဟက ဒီဗွီဘီကို ပြောပါတယ်။

malaysia-illegal-workers-wpcf_728x413ဇန်န၀ါရီ ၂၁ ရက်နေ့ကနေ စတင်မယ်လို့ မလေးရှားအစိုးရက ကြေညာထားတဲ့အတိုင်း တရားမ၀င် ၀င်ရောက် နေထိုင်အလုပ်လုပ်သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ရာမှာ ထောင်နဲ့ချီတဲ့ တရားမ၀င်သူတွေကို ဖမ်းဆီးမိတဲ့အနက် အယောက် ၃၀၀ ကျော်ဟာ မြန်မာပြည်က ဖြစ်တယ်လို့ ဦးသီဟက ပြောပါတယ်။

ဦးသီဟဟာ မလေးရှားရောက် မြန်မာတွေ အစုလိုက်အပြုံလိုက် လေကြောင်းခရီးစဉ်နဲ့ ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကာလမှာ သံရုံးနဲ့ နီးစပ်ပြီး ကူညီဆောင်ရွက်နေတာပါ။

မြန်မာသံရုံးက တာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို ထိန်းသိမ်းဖမ်းဆီးထားရာ အချုပ်တွေကို သွားရောက်ကြည့်ရှုနေကြောင်း၊ ဒါပေမယ့် ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်လို့ မလေးရှားအစိုးရဘက်က ဘယ်လို စီရင်မယ်ဆိုတာ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် အချိန် စောင့်ဆိုင်းနေရကြောင်း ဦးသီဟက ပြောပါတယ်။

“အစိုးရက တရားဝင်ကြေညာချက် ဘာမှ မထုတ်ပြန်သေးဘူး။ သူတို့ ကြေညာချက် ထုတ်ပြန်တယ်ဆိုရင် ကျနော်တို့ဘက်က ဥပမာ- နိုင်ငံသားအထောက်အထားစာရွက် (စီအိုင်) တွေပေါ့နော်။ စိစစ်ပြီးတဲ့အခါကျရင် လေယာဉ်လက်မှတ်ကိစ္စကို ကာယကံရှင်တွေ သူတို့ ပေးနိုင်တဲ့ အနေအထား ရှိ မရှိ၊ အဲဒါလေးနဲ့ မေးမြန်းပြီး ပြန်ပို့လို့ရတယ် (မြန်မာပြည်ကို)။ အခုဟာ မလေးအစိုးရက ဘာမှ ထုတ်မပြောသေးဘူး။”

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်း မြန်မာသံရုံးက အရာရှိတွေဟာ မြန်မာတွေကို ထိန်းသိမ်းထားတဲ့ စခန်းတွေကို သွားရောက်ပြီး တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားမှာ တရားမ၀င် နေထိုင်သူတွေကို ဖမ်းဆီးမှုကြောင့် ဗီဇာရက်လွန်ပြီး မလေးရှားမှာ သောင်တင်နေတဲ့ မြန်မာတွေဟာ ပြန်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

ဗီဇာရက်လွန်သူ မြန်မာတွေအဖို့ မြန်မာသံရုံးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် ရယူပြီးတဲ့နောက် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှာ special pass (မလေးရှားနိုင်ငံက ထွက်ခွာခွင့်) လျှောက်ရပါတယ်။

ဒီလို လျှောက်ရာမှာ မလေးရှားလ၀က က သီတင်း ၁ ပတ်ကို လူအယောက် ၄၀ သာ ခွင့်ပြုပေးတာကြောင့် ပြန်လိုသူ မြန်မာအရေအတွက်နဲ့ ခွင့်ပြုမှု မမျှ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လာမယ့် ဇန်န၀ါရီ ၂၉ ရက်နေ့ကျရင် သီတဂူဆရာတော်ဘုရားကြီးရဲ့ လှူဒါန်းငွေနဲ့ မလေးရှားထိန်းသိန်းရေးစခန်းတွေထဲမှာ ဒုက္ခရောက်သူတွေကို လေယာဉ် ၁ စီးစာ မြန်မာပြည် ပြန်ပို့မယ်လို့ ဦးသီဟက ပြောပါတယ်။

အခု လတ်တလောမှာတော့ မလေးရှားတရုတ်အသင်း (အမ်စီအေ)ပါတီက မလေးရှား အစိုးရကို ပန်ကြားချက်အရ အဖမ်းအဆီး ခဏရပ်နေတယ်လို့ မလေးရှားအခြေစိုက် ကပုန်း နာရေးကူညီမှုအသင်းက ဦးဆန်းဝင်းက ပြောပါတယ်။

“အခုတော့ အဖမ်းအဆီး ခဏရပ်နေတယ်။ ၄ ရက်နေ့ကျရင်တော့ တရားမ၀င် အလုပ်သမားတွေကို ပြန်လည်စိစစ်မယ်ဆိုတာကို ဂျာနယ်တွေမှာ တရားဝင်ကြေညာပါတယ်။”

ဖမ်းဆီးခံရသူ ထောင်ချီတဲ့အနက် မြန်မာအလုပ်သမား ၅၀၀ ခန့် ပါဝင်ကြောင်း သူက ခန့်မှန်း ပြောဆိုပြီး ဖမ်းဆီးခံမြန်မာတွေရဲ့ မိသားစုဝင်တွေနဲ့ ဖမ်းခံရသူတွေ အဆက်သွယ် မရကြသေးကြောင်း ပြောပါတယ်။

မလေးရှားအစိုးရက တရားမ၀င်နေထိုင်သူတွေကို ဇန်န၀ါရီ ၂၁ ရက်နေ့က စတင် ဖမ်းဆီး နှိမ်နင်းမယ်လို့ ကြေညာခဲ့ပေမယ့် ဇန်န၀ါရီ ၁၉ ရက်နေ့ကတည်းက အဖမ်းအဆီးကို စတင်ခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၁ သိန်းကျော် ရှိတယ်လို့ ပီနန် နာရေးကူညီမှု အသင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013