တရုတ်၊ အာဆီယံနှင့် နွေဦးတော်လှန်ရေး၏ သြဇာဂယက်

ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်သည် မြန်မာ့သမိုင်း၌ အနိဋ္ဌာရုံအတိလွှမ်းသောကာလဟု ဆိုရတော့မည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းကာလ ၁၁ လခန့်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးခဲ့ရသည့် ပြည်သူပြည်သား စုစုပေါင်း ၁၃၈၄ အထိရှိလာပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားသည်။ ယင်းစာရင်းသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ 

မြေပြင်၌ အမှန်တကယ် ကျဆုံးသူ အရေအတွက်သည် ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။ စာရင်းအရ နွေဦးတော်လှန်ရေး ကာလအတွင်း ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၈၃၃၈ ဦး ချုပ်နှောင်ခံထားရ ဆဲဖြစ်၍  အယောက် ၅၀၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရ ကြောင်း သိရသည်။ ပြစ်ဒဏ်ကျခံရသူများအနက် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂ ဦး အပါအဝင် ၃၉ ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု ဆိုသည်။ ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်စီရင် ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်သည်ဟု သိရသည်။ 

စစ်တပ် အာဏာသိမ်းသည့်  ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ၁၁ လခန့်အတွင်း ရဲနှင့် စစ်တပ်၏ ပစ်ခတ် ဖြိုခွင်းမှု၊ သံသယဖြင့် ဖမ်းဆီးနှိပ်စက်များကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီး အရေအတွက် ၉၄ ယောက်ရှိသည်ဟု   အမျိုးသမီးများအဖွဲ့ချုပ် (WLB) က ထုတ်ပြန်ထားသည်။ 

ထို့ပြင် စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော တိုက်ခိုက်မှုများအနက် မြန်မာပြည်အနှံ့ကျေးလက်တောရွာများတွင် ပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုများ ဖြစ်သည်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာကို စီးနင်းခဲ့သော အာဏာသိမ်းစစ်ကောင်စီတပ်က ရွာအတွင်းရှိ နေအိမ်များကို ဒီဇင်ဘာ ၂၂ မှ စ၍ မီးရှို့နေပြီး ဒီဇင်ဘာ ၂၈ နေ့က စစ်ရဟတ်ယာဉ်  သုံးစီးဖြင့် တပ်အင်အား ဖြည့်တင်းပြီးနောက် နေ့ညဆက်တိုက် မီးတင်ရှို့ခဲ့သည်ဟု ဒေသခံ PDF အဖွဲ့ဝင် များကို ကိုးကား၍ မြန်မာနောင်းသတင်းက ဖေါ်ပြသည်။ 

မီးရှို့သဖြင့် နေအိမ်အချို့ မီးလောင်နေပုံကို Myanmar Now က ဒရုန်းဖြင့် မှတ်တမ်းတင် ရိုက်ကူးတင်ပြထားသည်။ နတ်ချောင်းရွာမှာ အကြိမ်ကြိမ် မီးရှို့ခံရပြီး ရွာချင်းကပ်လျက်ရှိ ချောင်းခွရွာလည်း မီးရှို့ခံရသည်ဟု ဆိုသည်။ တိုက်ပွဲများကြောင့် နတ်ချောင်းရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အစားများ အထူးလိုအပ်နေသည်ဟု သိရသည်။ 

ဤအတောအတွင်း ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၌ ကလေးငယ်များ၊ အမျိုးသမီးများနှင့် နိုင်ငံတကာ လူမှုထောက်အကူအဖွဲ့ တစ်ခုဖြစ်သော Save the Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦးအပါအဝင် လူနည်းဆုံး ၃၅ ဦး သတ်ဖြတ်မီးရှို့ခံခဲ့ရသည့် ကိစ္စအတွက် အမေရိကန် ပြည်ထောင်စုက ပြစ်တင်ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာချက်ထုတ်ခဲ့သည်။ 

မြန်မာနိုင်ငံတစ်ဝန်းတွင် ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေသော ကရင်နှင့် ကယားပြည်နယ်များတွင် မြန်မာစစ်အုပ်စု၏ ရက်စက်မှုများသည်  သတိထားစရာဖြစ်ပြီး အပြစ်မဲ့ပြည်သူများနှင့် လူသားချင်းစာနာမှု အကူအညီပေးသူများကို ပစ်မှတ်ထားနေခြင်းသည်  လက်ခံနိုင် စရာမရှိဟုလည်း ဝန်ကြီး ဘလင်ကင်က ဆိုသည်။ စစ်တပ်က မြန်မာပြည်သူများအား ရက်ရက်စက်စက် ဖိနှိပ်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေသည့် ကိစ္စနှင့် စပ်လျဉ်း၍ တာဝန်ရှိသူတို့ကို အရေးယူရန် အရေးတကြီး လိုအပ်နေပြီဟု  ၎င်းက ဆိုသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်၏ ကြေညာချက်၌ မြန်မာနိုင်ငံအတွင်း ရက်စက်သည့် ဖိနှိပ်မှုများ ဆက်လက် မဖြစ်စေရန် မြန်မာစစ်တပ်ကို လက်နက်နှင့် နည်းပညာရောင်းချနေခြင်းများကို ရပ်တန့်ရေးအပါအဝင် နိုင်ငံတကာက ယခုထက်ပို၍ ထိထိရောက်ရောက် ကာကွယ်တားဆီးရ လိမ့်မည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့၊ မိုဆိုရွာအနီး လူ ၃၅ ဦးကို စစ်ကောင်စီတပ်က မီးရှို့ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှုဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများက အမြန်ဆုံး အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း သင့်သည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရက္ခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ညီနောင်မဟာမိတ် (၃)ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် လူသား မျိုးနွယ်စုအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ခြင်းဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဖော်ပြထားသည်။ စစ်မြေပြင်တွင် စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာအကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုသည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်းဖေါ်ပြလျှက် မီးရှို့သတ်ဖြတ်ခံခဲ့ရသော ပြည်သူများ၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟုလည်း ထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ လူ့အခွင့်အရေးကောင်စီ ညီလာခံရှေ့မှောက်၌ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ “တတိယ နှစ်ပတ်လည် အစီရင်ခံစာ” ကို IIMM ၏ အကြီးအကဲ Mr. Nicholas Koumjian ကိုယ်တိုင် အစီရင်ခံရာတွင် - “မြန်မာနိုင်ငံတွင် ကြီးလေးသော ရာဇဝတ်မှုကြီးများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေပါသည်။ သမိုင်းကြောင်း အဆက်ဆက် ရာဇဝတ်မှုကျူးလွန်သူများကို အရေးမယူခဲ့ခြင်းက ပြည်သူများ၏ နေ့တဓူဝဘဝများကို ဆက်လက်ရိုက်ခတ်နေပါသည်။ မတူကွဲပြားသော အရပ်ဒေသပေါင်းစုံနှင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံမှ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များသည် ဤဒုက္ခများကို ဆက်လက် ခံစားနေကြရပါသည်။ 

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒေသအသီးသီးမှ ထောင်ပေါင်းများစွာသော မြန်မာပြည်သူများသည် ကိုယ့်ရပ် ကိုယ့်ရွာကို စွန့်ခွာထွက်ပြေးခဲ့ရသည့်အတွက် တိုင်းပြည်၏ စီးပွားရေး ထိခိုက်ပျက်စီးခဲ့သလို အိမ်နီးချင်းနိုင်ငံများ၏ သယံဇာတများကိုလည်း ထိခိုက်စေခဲ့ပါသည်။ ဤအတွက်ကြောင့် ရာဇဝတ်မှုကျူးလွန်သူမျာကို အရေးမယူနိုင်သည့် အခြေအနေကို အဆုံးသတ်ဖို့၊ အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ဖို့ အရင်ကထက် ပို၍တောင် လိုအပ်နေပါသည်။

ယနေ့ထိ အာဏာသိမ်းမှုနောက်ပိုင်း အဖြစ်အပျက်များနှင့်ဆိုင်သည့် သတင်းအချက်အလက် ပစ္စည်းအမျိုးပေါင်း ၂၁၉,၀၀၀ ကျော်ကို ယန္တရားအနေဖြင့် လက်ဝယ် စုဆောင်းထားပါသည်။ ကျွန်ုပ်တို့၏ ကနဦး လေ့လာဆန်းစစ်ချက်များအရ ဤ ရာဇဝတ်မှု ကျူးလွန်မှုများကို နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ရသလို စနစ်တကျ အစီအစဉ်ချ ကျူးလွန် လုပ်ဆောင်ခဲ့သည်ကိုလည်း ပြသနေပါသည်။ ကနဦးရရှိထားသော အထောက်အထားများအရ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံ တနံတလျားတွင် လူတထောင်ခန့် သေဆုံးခဲ့သည်ကို ပြသနေပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဂျာနယ်လစ်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကဲ့သို့ သီးသန့် လူတန်းစားတရပ်ကို စနစ်တကျ ပစ်မှတ်ထားပြီး နေရာဒေသအသီးသီးတွင် စနစ်တကျ ညှိနှိုင်း ကျူးလွန်ခဲ့သည်ကို သက်သေအထောက်အထားများက ပြသနေပါသည်။ လူထောင်ပေါင်းများစွာလည်း ဥပဒေဘောင်တွင်းမှ မဟုတ်ပဲ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။

အပြည်ပြည်ဆိုင်ရာဥပဒေအရ သတ်ဖြတ်မှု၊ မထင်ရင် မထင်သလို ဖမ်းဆီးချုပ်နှောင်မှုများကို အရပ်သားများအား ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျတိုက်ခိုက်မှု၏ အစိတ်အပိုင်းတခုအဖြစ် ကျူးလွန်သည့်အခါ ယင်းရာဇဝတ်မှုများကို လူသားမျိုးနွယ်ပေါ်ကျူးလွန်သော ရာဇဝတ်မှုများအဖြစ် သတ်မှတ်ပြီး ဤရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှုသည် ယန္တရား၏ လုပ်ပိုင်ခွင့်အတွင်း ကျရောက်နေပါသည်။ ဤအတွက်ကြောင့် ယန္တရားသည် အဆိုပါဖြစ်ရပ်များနှင့်ဆိုင်သည့် ရရှိနိုင်သမျှ အထောက်အထားများကို မှန်မမှန်အတည်ပြုရန်နှင့် ပိုင်းခြားစိတ်ဖြာရန် လုပ်ဆောင်နေပြီး ဖြစ်နိုင်လျင် ရာဇဝတ်မှုအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေပါသည်။  

သက်သေအထောက်အထား ပြုစုစုဆောင်းခြင်း၊ မှန်ကန်မှု ရှိစေရန် လေ့လာဆန်းစစ်ခြင်း စသည့် ယန္တရား၏ ကြိုးပမ်းမှုများတွင် ကူညီခဲ့သူအားလုံးကို နစ်နာခဲ့သူများ၊ လွတ်မြောက်လာသည့် အစုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ရဲရင့်သော တသီးပုဂ္ဂလများ အပါအဝင် အားလုံးကို ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားလိုပါသည်။ မြန်မာနိုင်ငံမှ နစ်နာခဲ့သူများ အားလုံးအတွက် တရားမျှတမှု တနေ့နေ့တွင် ရရှိစေရန်၊ အဆိုပါရာဇဝတ်မှုများကို ကျူးလွန်သူများအား အရေးမယူနိုင်သည့် ဖြစ်ရပ်မျိုးကို လက်ခံမည် မဟုတ်သည်ကို အားလုံး သိရှိစေရန် အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအတွက် သက်သေအထောက်အထားများကို ပြုစု စုဆောင်းမှုကို လူ့အခွင့်အရေး ကောင်စီ၏ ကူညီထောက်ပံ့မှုဖြင့် ဆက်လက် လုပ်ဆောင်သွားပါမည်။”  စသဖြင့် တင်ပြထားကြောင်း တွေ့ရသည်။ 

ဖေါ်ပြပါ ဖြစ်စဉ်ပျက်စဉ်များအရ မြန်မာ့အရေးကိစ္စကို နိုင်ငံတကာက စောင့်ကြည့်နေသည်မှာ သိသာပါသည်။ သို့သော် မြန်မာပြည်သူတို့၏ အမြင်တွင် နိုင်ငံတကာကို အားမလိုအားမရ ဖြစ်ရုံမက အားကိုး၍မရနိုင်ကြောင်း တဖြည်းဖြည်းသိလာ ကြသည်။ တခြာတဖက်ရှိ နိုင်ငံတကာ အရေးကိစ္စများကလည်း ထိလွယ်ရှလွယ် ဖြစ်နေသည်ကို မြင်နေရသည်။ အနောက်ဘက်တွင် ယူကရိန်း-ရုရှား ထိပ်တိုက်စစ်ရေးပဋိပက္ခက ပေါက်ကွဲတော့မည်လိုလို၊ ပိုနေမြဲ ကျားနေမြဲ ဆက်သွားမည်လိုလို မြင်နေရသည်။ အမေရိကန်-ရုရှား ၂၀၂၂ ဇန်နဝါရီလတွင် တွေ့ဆုံကြရန် ရှိနေပြီး၊ ရုရှား ယူကရိန်းနယ်စပ် တင်းမာမှုကိစ္စ အပါအဝင် အနုမြူလက်နက်ထိန်းချုပ်ရေးကို ဆွေးနွေးကြမည်ဟု မီဒီယာသတင်းများအရ ကြားသိနေရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့တွင် နှစ်နိုင်ငံဆွေးနွေးကြရန်ရှိပြီး၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရုရှား-နေတိုး အစည်းအဝေးကျင်းပမှာ ဖြစ်သည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြောင်း ဗွီအိုအေသတင်းအရ သိရသည်။ ဇန်နဝါရီ ၁၃ တွင် ရုရှား၊ အမေရိကန်နှင့် ဥရောပလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့ တွေ့ဆုံ ဆွေးနွေးကြမည်ဟု ဆိုသည်။ အမေရိကန်-ရုရှား ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဘက်စလုံး၏ စိုးရိမ်ချက်များကို တင်ပြ ဆွေးနွေးကြမည်ဟု ဆိုသည်။ ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ တိုးချလာသဖြင့် ရုရှားက ကျူးကျော်စစ် ဆင်နွှဲတော့မည်လားဟု  အနောက်နိုင်ငံများက စိုးရိမ်နေကြကြောင်း သတင်းများကဆိုသည်။ ရုရှားက ယူကရိန်းကို ကျူးကျော်ရန် အစီအစဉ်မရှိ ကြောင်း ငြင်းဆိုထားပြီး သူ့ နယ်မြေ အနီးအနားသို့ နေတိုးတပ်များ တိုးချဲ့ချထား မလာရန် အာမခံချက်ပေးရေး တောင်းဆိုနေသည်။ ဂျီဆဲဗင်းနိုင်ငံအုပ်စုက ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်ပါက ကြီးမားသည့် အကျိုးဆက်နှင့် ကြီးမားသည့် အရင်းအနှီးတခု ပေးဆပ်ရလိမ့်မည်ဟု သတိပေးထားကြောင်း သိရသည်။

အခြားတဖက်တွင် မြန်မာ့အရေးထက် တောင်တရုတ်ပင်လယ်အရေးက Hot Issue ဖြစ်နေပြန်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ ကမ်းရိုးတန်းစောင့်တပ်နှင့် ရေကြောင်းပြည်သူ့စစ်တို့ဖြင့် တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများနှင့် တပ်စခန်းများ တည်ဆောက်လျက်ရှိသည်။ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့သည် တောင်တရုတ်ပင်လယ်ရေကြောင်း၏ အစိတ်အပိုင်းများကို ပိုင်ဆိုင်ကြောင်း တောင်းဆိုနေကြသည်။ ကမ္ဘာ့အရေးပါဆုံး ကုန်သွယ်လမ်းကြောင်းများအနက် တစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ်တွင် အမေရိကန်သင်္ဘောများက လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်၌ နယ်မြေချဲ့ထွင်ရန် ကြံစည်မှုကြောင့် အမေရိကန်၊ ဂျပန်၊ ဖိလိပိုင်၊ မလေးရှား၊ ဗီယက်နမ်အစရှိသော နိုင်ငံများနှင့် ထိပ်တိုက် ပဋိပက္ခအချို့ဖြစ်ပေါ်နေသည်။ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အစီရင်ခံစာသစ်အရ တောင်တရုတ်ပင်လယ်၏ အငြင်းပွား နေသော နေရာများတွင် ရာနှင့်ချီသော တရုတ်စစ်သင်္ဘောများသည် နိုင်ငံတကာဥပဒေအရ အသားကျနေသည့် ရေကြောင်း အစီအစဉ်များကို သိသိသာသာ စိန်ခေါ်နေသည်ဟု ဖော်ပြထားသည်။

တရုတ်သင်္ဘော အများအပြား လျင်မြန်စွာ တပ်ချထားလိုက်ခြင်းကြောင့် ငြိမ်းချမ်းနေသည့် ခေတ်ကာလအတွင်း တောင် တရုတ်ပင်လယ်တွင် စစ်အင်အား ချိန်ခွင်လျှာ သိသာစွာ ပြောင်းလဲစေခဲ့သည်။ အိန္ဒိယ-ပစိဖိတ် ကာကွယ်ရေးဖိုရမ်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်း ဖော်ပြသည့်လုပ်ရပ်အနေဖြင့် ရေကြောင်းပိုင်နက်ဆိုင်ရာ သင်္ဘောများကို အင်အားတိုးချဲ့ရန် နှစ်ပေါင်းများစွာ ငွေကြေး သုံးစွဲထားကြောင်း Radio Free Asia က ဖော်ပြခဲ့သည်။

ထို့ပြင် ထိုင်ဝမ်ကို တရုတ်၏ ရန်လိုမှု တိုးလာခြင်းကြောင့် အခြားနိုင်ငံများ အထူးသဖြင့် အမေရိကန်အတွက် စိုးရိမ်စရာ ဖြစ်လာသည်။ တရုတ်က ထိုင်ဝမ်ကျွန်းကို ကျူးကျော်ရန် ဆုံးဖြတ်ပါက ဆိုးရွားသော အကျိုးဆက်များ ခံစားရမည်ဟု အမေရိကန်က သတိပေးထားသည်။ တရုတ်က ထိုင်ဝမ်ကျွန်းကို ကျူးကျော်ရန် ဆုံးဖြတ်ပါက ကြီးမားသည့် နောက်ဆက်တွဲဂယက်များ ရှိလာမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်က သတိပေးခဲ့ကြောင်း ရိုက်တာနှင့် တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်ဟု (Economic Times  11 December 2021) ၌ ဖေါ်ပြထားသည်။ အမေရိကန်က တရုတ်နှင့် ဆက်ဆံရေး တည်ငြိမ်စေရန် တရုတ်တစ်ပြည်ထောင်မူဝါဒကို လက်ခံသော်လည်း ထိုင်ဝမ်ကျွန်းအပေါ် တရုတ်၏ ရန်လိုမှုများ တိုးလာခြင်းအပေါ် အာရုံစိုက်နေကြောင်း ဘလင်ကင်က မှတ်ချက်ပြုခဲ့သည်။

တရုတ်က ထိုင်ဝမ်အား ယင်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ရန် ဖိအားပေးမှုများ လုပ်ဆောင်နေသည်။ ထိုင်ဝမ်နှင့် ဒီမိုကရက်တစ်အစိုးရတို့က ထိုင်ဝမ်ကျွန်းအား တရုတ်က ကျူးကျော် ဝင်ရောက်လာပါက ကာကွယ်သွားမည် ဆိုသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အာရှပစိဖိတ်ဒေသရှိ အငြင်းပွားနေသည့် ပင်လယ်ပြင်တွင် တရုတ်နိုင်ငံ၏ သံသယဖြစ်ဖွယ် တစ်ဖက်သတ်လုပ်ဆောင်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီး တရုတ်နှင့် ၎င်းတို့၏ ပြိုင်ဆိုင်မှုကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။ 

လက်ရှိ ယေဘုယျအခြေအနေမှာ တောင်တရုတ်ပင်လယ်ကို တရုတ်က လက်ဝါးကြီးအုပ်မည့် အကြံအစည်များကို အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများက ပူးပေါင်း ကာကွယ်နေကြရပေသည်။ တဆက်တစပ်တည်းတွင် တရုတ်က ထိုင်ဝမ်ကို ပြန်လည်သိမ်းပိုက်ရန် ဖိအားပေးခြိမ်းခြောက်နေမှုများကြောင့်လည်း အခြေအနေ တင်းမာလျှက်ရှိသည်။ 

ဤသို့ဖြင့် အနောက်ဘက်တွင် ယူကရိန်း-ရုရှားပဋိပက္ခ၊ အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အရေး စသည့် ကမ္ဘာ့ပြဿနာအရပ်ရပ်ကြောင့်လည်း မြန်မာ့အရေးစဉ်းစားရာတွင် ဦးစားပေးရန် နှောင့်နှေးနေသည်ဟု ထင်ရသည်။ 

တချိန်တည်းတွင် မြန်မာ့အရေးတွင် တရုတ်နိုင်ငံက မြန်မာပြည်သူတို့တို ကျောခိုင်းလျှက်၊ စစ်ကောင်စီကို အားပေး ထောက်ခံနေသည်။ တရုတ်နိုင်ငံသည် အာဆီယံအဖွဲကို ခုတုံးလုပ်၍ မြန်မာ့အရေးကို ပိုနေမြဲ-ကျားနေမြဲ ဖြစ်ရေး၊ တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်သွားရေး လုပ်နေသည်။ အဓိကအားဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှု  စီးပွားရေး စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေးဖြစ်သည်။ ကိုယ်ကျိုးစီးပွားပဓါနထားကာ၊ မြန်မာ့သယံဇာတများကို ဈေးပေါပေါနှင့် လက်ဝါးကြီးအုပ်ရန် စစ်ကောင်စီကို ထောက်ခ့နေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းကို အမြန်အကောင်အထည်ဖော်ပြီး အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်ရရေးကို အဆောတလျင် လုပ်ရန် ဟန်ပြ မြန်မာ့ တည်ငြိမ်ရေးကို လိုလားဟန် ပြနေခြင်းဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို တရားဝင်ဆက်လက် တည်ဆောက်လိုသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို စေ့စပ် ဆွေးနွေးရန် အာဆီယံမှတဆင့် ဖိအားပေးနေ သည်ကို တွေ့ရသည်။ 

၂၀၂၂ ခုနှစ်တွင်  ကမ္ဘောဒီးယားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာချိန်၌ မြန်မာအရေးနှင့် ပတ်သက်၍ တရုတ်သဘောကျ ဆောင်ရွက်မည်မှာ သေချာသည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်သြဇာကို မလွန်ဆန်နိုင်သည့်အခြေအနေ၌ ရှိနေသည်ကို နိုင်ငံတကာကလည်း သိသည်။ ဘရူနိုင်းနိုင်ငံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အောက်တိုဘာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာစစ်ကောင်စီကို မဖိတ်ကြားခဲ့ပေ။ သို့သော် ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံး အစည်းအဝေး တက်သင့်သည်ဟု ဝန်ကြီးချုပ်ဟွန်ဆန် ပြောကြားချက်သည် တရုတ်နိုင်ငံ၏ အလိုကျဖြစ်နေကြောင်း သိသာသည်။ မြန်မာနိုင်ငံနှင့် ပြည်သူများ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးရစေရန် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်အတွင်းမှ အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အခက်အခဲ ကြုံတွေ့နေရချိန်၌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံ၊ မြန်မာပြည်သူတို့နှင့်အတူ ရပ်တည်ပါကြောင်း ကမ္ဘောဒီးယားသံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ယင်းအနေအထားအရ တရုတ်သြဇာမကင်းသည့် (ASEAN) အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ရာတွင် တရုတ်၏ ဇာတ်ညွှန်းအတိုင်း ကပြမည်မှာ သံသယဖြစ်စရာ မရှိပေ။ 

သို့ဖြစ်၍ အာဆီယံ၏ ကြားဝင်စေ့စပ်မှုဆိုသည်မှာ မြန်မာ့ နွေဦးတော်လှန်ရေးကို နှေးကွေးသွားစေရန် အကောက်ကြံမှု မျှသာ ဖြစ်သည်။ ကိုယ့်ဝန်ကိုယ်ထမ်း၍ ကိုယ့်လမ်းကိုယ် လျှောက်ရမည်ကို ဂျင်နရေးရှင်း-ဇီးတို့ ကောင်းစွာ သိကြသည်။ မြန်မာပြည်သူတို့ ကောင်းစွာ သိကြသည်။ ဂျန်ဇီးတို့ ရှေ့ဆောင်နေသည့် နွေဦးတော်လှန်ရေး၌ ပါ၀င်ဆင်နွှဲနေသူများ သည် စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖျက်သိမ်းရန် သန္နိဋ္ဌာန်ပြုထားပြီးဖြစ်သည်။ ထို့ကြောင့် တရုတ်နှင့် အာဆီယံ နိုင်ငံများက မြန်မာ့နွေဦးတော်လှန်ရေး၏ သြဇာဂယက် လွှမ်းမိုး ရိုက်ခတ်လာမှုကို စိုးထိတ်နေကြပုံရသည်။ မြန်မာ့ ဂျန်ဇီးလူငယ်တို့ ထွင်သော လမ်းအတိုင်း သူတို့နိုင်ငံမှ လူငယ်များ အတုယူ လုပ်ဆောင်လာမည်ကို ကြောက်ရွံ့ ထိတ်လန့်နေပုံရသည်။ 

တရုတ်၊ ဗီယက်နမ်၊ လာအို နိုင်ငံများသည် တပါတီ အာဏာရှင်စနစ် အောက်၌ ရှိသည်။ ကျန်အာဆီယံ နိုင်ငံများတွင် လည်း အာဏာရှင်တပိုင်း အစိုးရများ အုပ်ချုပ်နေပေသည်။ မြန်မာ့ ဂျန်ဇီးလူငယ်တို့၏ တော်လှန်ရေးလမ်းကြောင်းကို အတုယူကာ အာဆီယံ ပြည်သူများအနေဖြင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသော ဒီမိုကရေစီမျိုး တောင်းဆိုလာမည်ကို စိုးရိမ်နေကြသည်မှာ သေချာပေသည်။

ကောင်းဇေလူ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up