Home
ဆောင်းပါး
“ကားပေါ်မှာပဲအားလုံး မီးရှို့သတ်တာ” ဖရူဆိုဖြစ်စဉ် ကရင်နီလူ့အခွင့်အရေးအဖွဲ့နှင့် မေးမြန်းချက်
DVB
·
December 31, 2021

ခရစ္စမတ်အကြို​နေ့ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ စစ်​ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်မှု​ကြောင့် အပြစ်မဲ့ ပြည်သူ ၄၀ လောက်ရှိအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့   ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး လူတွေအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းသိရှိရသလောက် ပြောပြာပေးပါလား။

ဖြေ။ “ လောလောဆယ် ကျနော်တို့ ရတဲ့အတိုင်း ပြောမယ်ဆိုရင်တော့ အဲဒီဖြစ်စဉ် တခုလုံးမှာ ၄၃ ဦး သေဆုံးတာပေါ့နော်။ မီးရှို့ခံရတဲ့သူတွေထဲမှာ Save the Children က ဝန်ထမ်း ၂ ဦးတွေ့ရတယ်။ နောက်ပြီးတော့မှာ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် CHDN က တဦးပါတယ်။ ဝန်ထမ်းပေါ့နော်။ နောက်ပြီးတော့ မိုဆိုက ကျေးရွာခံ ၄ ဦးပေါ့၊ ဒါက အတည်ပြုထားတဲ့ဟာတွေပေါ့။ နောက် KNPDP (ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီ) ကလည်း အဖွဲ့ဝင်တဦးပါသွားတယ်။ နောက်ပြီးတော့မှာ CDM လုပ်ထားတဲ့ သစ်တောဦးစီးဌာနက တောခေါင်းပေါ့နော်၊ အဲတယောက်ပါတယ်။ နောက်ပြီးတော့မှ တခြားပေါ့နော် ဘယ်သူလဲဆိုတော့ အတိအကျမသိသေးဘူး။ ဒါပေမဲ့ ပျောက်ဆုံးနေတဲ့တိုင်ထားတဲ့သူတွေ အဲဒီအဖွဲ့ထဲက တခြားအရပ်သား ၃၀ ပေါ့၊ အကုန်လုံးပေါင်းရင်တော့ ၃၉ ဦး၊ ပြီးတော့မှ ကျနော်တို့သိတဲ့အတိုင်း BGF က ၄ ဦးပေါ့၊  အားလုံးပေါင်း ၄၃ ဦးပေါ့။ ”

မေး။ လွိုင်ကော်က ဓာတ်ဆီဆိုင်ပိုင်ရှင် ဦးကျော်လွင်ထူးပါသွားတာ ကကော အတည်ပြုလို့ရပြီလား။

ဖြေ။ “ ကျနော်တို့ confirm ဖြစ်တယ်လို့ပဲ ကျနော်တို့ သတ်မှတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ် ၁ တချက်က အဲဒီအနားကရွာတွေကို ကျနော်ကလည်း ပြန်စစ်ထားခိုင်းတာပေါ့နော်။ ကျနော့်လူတွေကော၊ နောက်တချို့ KAက အဖွဲ့တွေကော စစ်ခိုင်းတော့ အဲဒီဖြစ်စဉ်မှာက ထွက်ပြေးလွတ်မြောက်လာတဲ့လူတွေမရှိဘူးလို့ အတည်ပြုပေးတယ်။  ကျနော့်ဝန်ထမ်းတွေကိုလည်း ကျနော် ပြန်လိုက်ခိုင်းတဲ့အချိန်မှာ ဒီစစ်ဘေးရှောင်က လူတွေပဲ ရတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်က case ကနေ လွတ်မြောက်တဲ့သူမရှိဘူး။ အဲတော့ ဖမ်းဆီးခံရတဲ့အထဲမှာကတော့ သေချာသွားတယ်။ နောက်သူကားနဲ့ပါသွားတာပေါ့။ အဲဒီဆီတိုင်ကီကားနဲ့ပါသွားတာပေါ့။ နောက်ပြီး ဒီတပ်ဘက်က ဒီကိုကျော်လွင်ရဲ့မိန်းမက လိုက်မေးတော့ ဘယ်သူ့ကိုမှ ဖမ်းဆီးခေါ်ဆောင်သွားတာ မရှိဘူးဆိုပြီးမှ အတည်ပြုပေးတယ်တဲ့။ ဦးကျော်လွင်ရယ်၊ သူ့ဆိုင်မှာ လုပ်နေတဲ့ လူတယောက်ရယ်၊ နောက်ကား ဒရိုက်ဘာ အပါအဝင် ၆ယောက် သူတို့ အကုန်လုံး ၈ ယောက် ပေါ့။ ”

မေ။ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာက ပြန်လည်ခုခံလို့ဆိုတဲ့ ပုံစံ ပြောထားတာပေါ့နော်။ ဒီအပေါ် ကိုဗညားတို့ လေ့လာတွေ့ရှိရသလောက် အဲဒီမှာက လက်နက်ပါသွားတာ ရှိလား၊ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ “ ကျနော်တို့ သိရသလောက်က လက်နက်က BGF  ၄ ယောက်တော့ ပါသွားတယ်။ BGF ၄ ယောက် AK သုံးလက်ရယ်၊ ၇၉ တလက်ရယ်ပေါ့။ အဲဒါကတော့ သူတို့ပါသွားတယ်။ သူတို့ကိုကျတော့ ပစ်သတ်တယ်ပေါ့။ မီးရှို့တဲ့အုပ်စုထဲမှာ မပါဘူးလေ။ ပေ ၁၀၀ ဝန်းကျင်နားမှာ သူတို့ အလောင်း ၄ လောင်းကတော့ သီးသန့်တွေ့တယ်ပေါ့နော်။ အဲတော့ သေချာတာတခုကတော့ သူတို့ရဲ့ဖြစ်စဉ်က မနက်အစောကြီးကတည်းက သူတို့က အဲဒီနေရာမှာလာပြီးတော့ တိုက်ကင်းဝပ်ပြီးတော့မှ ဖမ်းတယ်။ နောက် နံပါတ် ၂ အချက်က တိုက်ပွဲဖြစ်တဲ့အသံ လုံးဝ မကြားရဘူး။ လုံးဝလည်း တိုက်ပွဲမဖြစ်ဘူး။ ဒီကြားတာ သံနတ်သံ လေးငါးချက်က အဓိကဒီ BGF ၄ ယောက်ဆင်းသွားတာကို တွေ့လိုက်ကြတယ်။ တားလည်းတာလိုက်ကြတယ်။ မဆင်းဖို့အတွက် ဒါပေမဲ့ သူတို့ဆင်းသွားတယ်။ သူတို့ထင်တာက ပုံမှန်အတိုင်း ညှိလို့ရမယ်ထင်ပြီး ဆင်းသွားတယ်။ ဆင်းသွားပြီး တအောင့်ကြာတော့ သေနတ် ၄ ချက်ပေါက်တယ်။ ပြီးရင် မီးခိုးလည်း ထွက်လာတာလည်းတွေ့တော့ နောက်မှ ပြန်လိုက်ဆင်းသွားတဲ့အချိန်မှာ သူတို့ သေတာတွေ့တာပေါ့။ အဲတော့ ပြန်ပြီး ချုပ်ကြည့်မယ်ဆိုရင်တော့ ကားမောင်းပြေးတဲ့ အလားအလာတခုမှ မရှိဘူး။ သူတို့တားပြီးတော့မှအကုန်လုံး ကားပေါ်မှာပဲ အားလုံး မီးရှို့သတ်တာ၊ အကယ်၍ ပစ်ခတ်ပြီးတော့ မီးလောင်မယ်ဆိုရင် ကျန်တဲ့ကားသေးတွေထဲမှာလည်း မီးလောင်သေဆုံးတဲ့သူရှိရမှာပေါ့နော်။ အခုက အဲလိုမဟုတ်ဘဲနဲ့ အားလုံး ကားပေါ်မှာ အစုလိုက်အပြုံလိုက်  မီးရှို့ထားတဲ့အတွက်ကြောင့် သူတို့ပြောတဲ့အတိုင်း ဘယ်လိုမှကို မဖြစ်နိုင်ဘူးဆိုတာကျနော်တို့ ပြောလို့ရတာပေါ့။ ”

 မေး။ မီးရှို့အသက်ခံရတဲ့အထဲပါသွားတဲ့ ကလေးတွေကကော ဘယ်လောက်အသက်အရွယ်လို့ ပြောလို့ရမလဲ။

ဖြေ။ “ အနိမ့်ဆုံးအသက်က ကျနော်တို့ လက်ရှိအရ အနိမ့်ဆုံး အသက်က ၁၂ နှစ်ဝန်းကျင်ဖြစ်မယ်၊ ဒါပေမဲ့ ကျနော်တို့ လုံးဝကို မသင်္ကာတာ တခုနှစ်ခုရှိတာက အစုလိုက်အပြုံလိုက် မီးရှို့ပြီးတော့မှ လုံးဝကို ပြာကျတဲ့အုပ်စုထဲမှာ ကလေးတွေ ပါဖို့များတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြေးတဲ့အချိန်မှာ တွေ့တဲ့လူတချို့ရှိတယ်။ ကလေးတွေ ဆိုင်ကယ်နဲ့ မိသားစုတွေ တွေ့တယ်။ နောက် ထော်လာဂျီနဲ့ လည်းပါတာပေါ့။ အဲတော့ အဲဒီထဲမှာ မွေးကင်းစကလေးတွေ၊ ရင်ခွင်ပိုက်ကလေးတွေ ပါတယ်ဆိုတာကတော့ ကျနော်တို့ ပြေးရင်းလွှားရင်းနဲ့ တွေ့တဲ့လူထဲမှာတော့ ပြန်ပြီးတဆင့်ခံတော့ ထားတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အတည်ပြုလုပ်မရတာက ကျနော်တို့ ဒီအုပ်စုကိုဘယ်လိုမှကို ပြန်ရှာလို့မရဘူး။ တော်လောလေးကို လောင်ကျွမ်းသွားတဲ့အတွက်ကြောင့်မိုလို့ပေါ့နော်။  ”

 မေး။ ဒီလိုဖြစ်စဉ်က အရင်တုန်းက ဖြစ်ဖူးတာတွေရှိလား။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဒီဖြစ်စဉ် အပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ရဲ့ သမိုင်းတလျှောက် ကျနော်တို့ လက်လှမ်းမှီသလောက် ပြန်ကြည့်ရင် ၁၉၉၅- ၂၀၀၀ ဝန်းကျင်မှာ ကျနော်တို့ ဒီပွန်ချောင်းမှာ ၂၀ ဦးဝန်းကျင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတယ်ဆိုတာ ကျနော်တို့ ကြားဖူးပါတယ်။ ဒါပေမဲ့  အဲဒီဟာက ကျနော်တို့ သက်သေ ဆက်လိုက်လို့ မရတဲ့ ပုံစံဖြစ်သွားတယ်။ နောက်ဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ ကျနော်တို့ အဓိက မသိဘူး။ ဒါက အများဆုံးတွေ့ခဲ့ဖူးတဲ့ သမိုင်းမှာ ကျန်ခဲ့တဲ့ သက်သေ တခုပေါ့။ 

ဒါပေမဲ့ ဒီအခြေအနေမှာက ကျနော်တို့ တခါမှ မရှိဖူးတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခြင်းဖြစ်တဲ့ဟာဖြစ်တယ်။ အဲတော့ ဒီသမိုင်းမှာ ဒီဖြစ်စဉ်က အဆိုးဝါးဆုံးပဲ။ မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင်လည်း သတ်ဖြတ်မှုတွေရှိတယ်။ ဒါပေမဲ့  ပြန့်ကျဲပြီးတော့မှသေဆုံး မီးရှို့ခြင်းခံရတာပေါ့။ အခုလိုမျိုး အစုလိုက်အပြုံလိုက်က ကျနော်တို့ ကရင်နီပြည်နယ်မှာ ဒါ မြန်မာနိုင်ငံမှက တခုပဲ ရှိတယ်လို့ ပြောလို့ရတာပေါ့။  ရိုဟင်ဂျာကိစ္စမှာလည်း ဆင်တူရိုးမားတွေ အများကြီးဖြစ်တယ်။ ဒါပေမဲ့  မီးရှို့တာကတော့ ကျနော်တို့ သက်သေတွေ၊ ဖြစ်စဉ်တွေအများကြီး ရှိခဲ့ဖူးအပါတယ်။ ဒါပေမဲ့ ဒီတခေါက်တော့ ကျနော်တို့ မျက်ဝါးထင်ထင် အလောင်းတွေလည်းရတယ်။ ပြီးတော့ အလောင်းတွေကို ပြန်လည်သိမ်းဆည်းနိုင်တဲ့ဟာက ဒီတခုပဲ ရှိသေးတယ်လို့ ကျနော်တို့ထင်တယ်။ ကရင်နီပြည်နယ်မှာက ဒါပထမဦးဆုံးအကြိမ် အဆိုးဝါးဆုံးဖြစ်သွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတခုလို့ပဲ ကျနော်တို့ မှတ်တမ်းတင်ထားပါတယ်။ ”

 မေး။ Save the Children အဖွဲ့ဝင် ၂ ယောက်က သူတို့အဲဒီမှာ ဘာသွားလုပ်တာလဲ။

ဖြေ။ “ Save the Children အဖွဲ့ဝင် နှစ်ဦးက သူတို့က ရှင်းရှင်းပြောရရင် သူတို့က အဲဒီနားဂွင်မှာ သူတို့က ကလေးနဲ့ ပတ်သက်တဲ့ ပညာရေးလုပ်နေတဲ့ဝန်ထမ်းတွေဖြစ်တယ်ပေါ့နော်။ သူတို့ ပြောသလောက်ဆိုရင် အဲဒီဒေသမှာ သူတို့ရဲ့ လုပ်ငန်းတွေ လုပ်ပြီးအပြန်မှာ မိတယ်လို့ပြောတယ်။ သူတို့အပြန်မှာ ဒီလမ်းပိုင်းကို သုံးတဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတယ်ဆိုတဲ့ ပုံစံမျိုးတော့ ကျနော်တို့သိထားပါတယ်။ ”

 မေး။ နောက်တခု အွန်လိုင်းမှာ တက်လာတဲ့ ဗီဒီယိုရုပ်သံ တခုမှာဆိုရင် KNDF တပ်ဖွဲ့ဝင်တွေက မီးလောင်နေတဲ့အချိန်မှာ အရှေ့ကနေ သွားနေတာတွေ့တယ်။ အဲဒီကဟာ သူတို့ မီးလောင်လို့ပဲသွား တာလား၊ သို့မဟုတ် ပြီးမှသွားတဲ့အချိန်လား။ ဘယ်လိုမျိုးလဲ။ တချို့လူတွေက ဒါ သူတို့ရှို့ တာဖြစ်နိုင်တယ်လို့ အဲလိုဝေဖန်မှုတွေ ရှိနေတဲ့အပေါ်မှာကော ဘာပြောချင်လဲ။

 ဖြေ။ “ အဲဒီဖြစ်စဉ်က မနက်ပိုင်း ကျနော်တို့ ဖရူဆိုမြို့ပေါ်ကနေ ဖရူဆိုမြို့ခံတပ်ရင်းတခု ဒီကတ်သလစ်ဘုန်းကြီးကျောင်းနဲ့ နီးတဲ့တပ်ရင်း အဲဒီဘက်တပ်ကနဲ့ ဒီ တပ်မ ၆၆ကလည်း တခြားလမ်းကနေ လာတယ်။  အဲဒီကနေ ထွက်လာပြီး‌တော့ မနက်အစောကြီး သူတို့ ကင်းပုန်းဝပ်ပြီးတော့  ဖမ်းသွားတဲ့ပုံစံဖြစ်တယ်။ အဲတော့ ရွာသားတယောက်က လွတ်လာတာရှိတယ်။ လွတ်တယ်ဆိုတာက သူနွားသွားကျောင်းတဲ့ အဲဒီဘက်လမ်းကြောင်းက နွားကျောင်းရင်းနဲ့ အဲဒီရောက်တဲ့အချိန်မှာ သူ့ကို ရပ်ဖို့အတွက် ပြောတဲ့အချိန်မှာ သူက ထွက်ပြေးလာတယ်။ ထွက်ပြေးတော့ လွတ်သွားတာပေါ့နော်။ အဲဒီအချိန်က ၁၁ နာရီနီးပါးရှိပြီး အဲအချိန်မှသာလျှင်တပ်တွေ အဲဒီဘက်ခြမ်းကို ရောက်နေပြီဆိုတာ သူက ပြောမှသာ ရွာသားတွေက သိတယ်။ အဲတော့ အဲဒီကနေ အမြန်ဆုံး ထွက်ပြေးကြတာပေါ့နော်။ ဒီမိုဆိုရွာ အဲဒီဖြစ်တဲ့နေရာကို မသွားပဲ ဒီအနောက်ဘက်ခြမ်းကလမ်း ဒီမိုဆိုကနေ ဟိုယာဘက်ကိုသွားတဲ့ လမ်းမကြီးပြန်ပေါက်တဲ့ ရွာလမ်းတွေရှိတာကို။ အဲဒီသူတို့ အဲဒီကနေ သွားတော့လွတ်သွားကြတယ်။ ဆိုတော့ ၁၁ နာရီကျော်ကျော်လောက်မှ သာလျှင် ဒီဖမ်းဆီးခံရတာသိတယ်။ 

ပြီးတော့မှ BGF ၄ ယောက်ကလည်း ဖျန်ဖြေဖို့အတွက်ဆင်းသွားကြတယ်။ ဆင်းတဲ့အချိန်မှာလည်း ဒီဘက်ခြမ်းကလူတွေက တားကြသေးတယ်။ ကိုယ့်အတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ဟာလေးပေါ့။ ဒါပေမဲ့ သူတို့က ဆက်ဆင်းပြီးတော့မှ သေနတ်သံလေးငါးချက် ပေါက်သံကြားရတယ်။ ပြီးမှ မီးခိုးထွက်လာတာတွေ့မှ သာလျှင်ဒီ KNDF နဲ့ KA က ဆင်းသွားတာပေါ့။ အဲတော့ ဗီဒီယိုမှာ  တွေ့တဲ့အတိုင်း ဟို့အရှေ့မှာ မီးလောင်ပြီးတော့ သွားနေတာလေ။ အဲတော့ အဲဒီနားရောက်တဲ့အချိန်မှာ တပ်က လှမ်းပြီးတော့မှ ပစ်တာရှိတယ်။ ဓာတ်ဆီတွေလည်းပါတော့ မီးတအားလောင်တဲ့အတွက်ကြောင့်မို့ အဲဒီရက်က အနီးကပ်ကားတစီးချင်းဆီကို ကြည့်လို့မရဘူးပေါ့နော်။ နောက်နေ့ ၂၅ ရက်နေ့ မနက်  ၆ နာရီဝန်းကျင်မှပဲ ကားထဲမှာ အလောင်းတွေ တွေ့ရတယ်ဆိုတာကို သူတို့ဘက်ကနေ ပြောကြားတဲ့ပုံစံမျိုး ကျနော်တို့ တွေ့ရတာပေါ့။ လောလောဆယ်ကတော့ အဲလောက်ပဲ၊ တိုက်ပွဲဖြစ်ပြီးတော့မှပဲ ရှို့တာလည်းမဟုတ်သလို ဒီဘက်ခြမ်းကလည်း ရှို့တဲ့ပုံစံလုံးဝမဟုတ်ဘူးဆိုတာတော့ ကျနော်တို့ ပြောလို့ရတာပေါ့။”

Photo Credit- KNDF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024